၁။ မြန်မာနိုင်ငံတွင် တကောင်းမင်းဆက်ဖြစ်သော ဇမ္ဗူဒီပမဟာဓမ္မရာဇာမင်း လက်ထက်၌ နယ်မြေလူဦးရေသိရှိရန်အတွက် စေတီပုထိုးဘုရားများတည်ပြီး တစ်အိမ်ထောင်လျှင် အုတ်တစ်ချပ်စီပေးရန် စုစည်းခြင်းဖြင့် လူဦးရေသိရှိရန် စူးစမ်းခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ် သာလွန်မင်းတရားလက်ထက် လူဦးရေတွက်ချက်ခြင်းများကို ဆောင်ရွက်ခဲ့ရာတွင် ရွာတစ်ရွာလျှင် စစ်သား (၁ဝဝ) စုဆောင်း၍ရသောရွာကို ရာစုရွာ၊ စစ်သား (၁ဝဝဝ) စုဆောင်း၍ ရသောရွာကို ထောင်စုရွာဟူ၍ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နိုင်ငံ၏စစ်မှုထမ်းအင်အား၊ နိုင်ငံလူဦးရေစာရင်းများကို စုစည်းခဲ့ပါသည်။ ထို့နောက် သက္ကရာဇ် ၁၁၄၅ ခုနှစ် ဘိုးတော်ဘုရားလက်ထက်တွင်လည်း သန်းခေါင်စာရင်းဆန်သော လူဦးရေစစ်တမ်းများကို ကောက်ယူခဲ့ပါသည်။
၂။ မြန်မာနိုင်ငံ၏ လူဦးရေကိုသိရှိနိုင်ရန်အတွက် လူဦးရေသန်းခေါင်စာရင်းကို ၁၈၇၂ ခုနှစ်တွင် ဗြိတိသျှလက်အောက်ခံ အောက်မြန်မာနိုင်ငံ၌ စတင်ကောက်ယူခဲ့ပြီး ၁၈၈၁ ခုနှစ်တွင် တစ်ကြိမ် ဆက်လက်ကောက်ယူခဲ့ပါသည်။ မြန်မာတစ်ပြည်လုံးကို ၁၈၉၁ ခုနှစ်တွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့ပါသည်။ ထို့နောက် ၁၉၀၁ ခုနှစ်မှစ၍ ၁၉၄၁ ခုနှစ်အထိ မြန်မာတစ်ပြည်လုံးတွင် (၁၀) နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့ပါသည်။ အဆိုပါ သန်းခေါင်စာရင်းများသည် အိန္ဒိယသန်းခေါင်စာရင်း၏ တစ်စိတ်တစ်ဒေသအဖြစ် မြန်မာနိုင်ငံတွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းတစ်ခုချင်းအတွက် အစီရင်ခံစာတစ်အုပ်နှင့် စာရင်းဇယားများကို ပြုစုထုတ်ပြန်ခဲ့ပါသည်။ ထိုစဉ်က သန်းခေါင်စာရင်းဌာနဟု အမြဲတမ်းသီးခြားဖွဲ့စည်းထားသည့် အဖွဲ့အစည်းမရှိပါ။ သန်းခေါင်စာရင်းကောက်ယူသည့်အခါ သန်းခေါင်စာရင်းလုပ်ငန်းကိစ္စအဝဝကို ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဝါရင့်တိုင်းမင်းကြီးတစ်ဦးအား သန်းခေါင်စာရင်းမင်းကြီး (Superintendent of Census Operations) အဖြစ် တာဝန်ပေးခန့်အပ်၍ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်အသီးသီးရှိ အုပ်ချုပ်ရေးတာဝန်ခံ အရာရှိများအား ၄င်းတို့အုပ်ချုပ်သည့်ဒေသအတွင်း စာရင်းကောက်လုပ်ငန်းနှင့် စီမံခန့်ခွဲမှုကိစ္စအဝဝကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးအပ်ပြီး Revenue Surveyor ကြီးကြပ်သူများအဖြစ် အခွန်မှူး၊ သူကြီး၊ တိုက်စာရေး စသည်တို့က ဆောင်ရွက်ခဲ့ပါသည်။ စာရင်းကောက်များအဖြစ် အစိုးရဝန်ထမ်းများနှင့် ကုန်သည်၊ ရှေ့နေ၊ ကျောင်းဆရာ စသည်တို့နှင့် အစိုးရဝန်ထမ်းမဟုတ်သည့် အရပ်သားများကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။
၃။ လွတ်လပ်ရေးအကြိုကာလအတွင်း သီးခြားဌာန ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း မရှိသော်လည်း မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁၉၅၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ သန်းခေါင်စာရင်းမင်းကြီးရုံးအမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ သန်းခေါင်စာရင်းမင်းကြီးရုံးကို စတင်ဖွဲ့စည်းခဲ့စဉ်က ဝါရင့်တိုင်းမင်းကြီး (၁) ဦးအား သန်းခေါင်စာရင်းမင်းကြီးအဖြစ် တာဝန်ပေးအပ်၍ ညွှန်ကြားရေးမှူး (၁) ဦး၊ ဒုတိယညွှန်ကြားရေးမှူး (၂) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၃) ဦး (General Office Administration, Data Processing Work Control and Production and Machine Tabulation) နှင့် ဘာသာရပ်ဆိုင်ရာ စာရင်းအင်းအရာရှိများနှင့် အရာရှိ မဟုတ်သူဝန်ထမ်းများ ပါဝင်ဖွဲ့စည်းခဲ့ပါသည်။ သန်းခေါင်စာရင်းမင်းကြီးရုံးအမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၅၅ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့၌ အမျိုးသားစီမံကိန်းဝန်ကြီးဌာနလက်အောက်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန (ယခုဗဟိုစာရင်းအင်းအဖွဲ့) နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပါသည်။
၄။ ၁၉၅၇ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနအား စတင်ဖွဲ့စည်းခဲ့ပါသည်။ သန်းခေါင်စာရင်းမင်းကြီးရုံးသည် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လာခဲ့ရာမှ ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့ မွန်းလွဲပိုင်းမှစ၍ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနလက်အောက်သို့ သီးခြားဌာနတစ်ခု (သန်းခေါင်စာရင်းဌာန) အနေဖြင့် ဝန်ထမ်းအင်အား (၂၂၂) ဦးဖြင့် လွှဲပြောင်းရောက်ရှိခဲ့ပါသည်။
၅။ ၁၉၆၉ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင်များ ပါဝင်သည့် အစည်းအဝေးမှ တော်လှန်ရေးကောင်စီဥက္ကဌ ချမှတ်ခဲ့သည့်မူအတိုင်း ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းရေးစိစစ်ရေးအဖွဲ့မှ ပြုစုတင်ပြခဲ့သည့် ပြုပြင်ဖွဲ့စည်းမည့် မူကြမ်းများအနက် ၁၉၆၉ ခုနှစ်၊ ဇွန်လ (၂၄) ရက်တွင် ကျင်းပခဲ့သော " ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းရေး စိစစ်ရေးအဖွဲ့ အစည်းအဝေးမှတ်တမ်းပါ ပြည်ထဲရေး၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနများကို ပူးပေါင်း၍ ပြည်ထဲရေးဝန်ကြီးဌာနဟု ပြင်ဆင်ရန်'' ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါသည်။ ဝန်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းရေး စိစစ်ရေးအဖွဲ့သည် ဝန်ကြီးဌာနအသီးသီး ပြုပြင်ဖွဲ့စည်းရန်အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဌာနချုပ် အစည်းအဝေးခန်းမတွင် ချိန်းဆိုသည့်ရက်များအလိုက် ဝန်ကြီးဌာနများအားတွေ့ဆုံ၍ စိစစ်ပြင်ဆင်ခဲ့ရာ၌ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့သည် ၁၉၆၉ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်နေ့တွင် သွားရောက်တွေ့ဆုံခဲ့ပါသည်။
၆။ ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနနှင့် သာသနာရေးဝန်ကြီးဌာနတို့အား ပူးပေါင်း၍ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ပြုပြင်ဖွဲ့စည်းခဲ့ပြီး ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအဖြစ် ပြန်လည်ပြုပြင်ဖွဲ့စည်းခဲ့ရာတွင် ယခင်ရှိခဲ့ပြီးသည့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနခွဲ၊ အမျိုးသားမှတ်ပုံတင်ရေးဌာနခွဲနှင့် သန်းခေါင်စာရင်းဌာနခွဲတို့ကိုစုစည်း၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဟူ၍ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန လက်အောက်ခံဦးစီးဌာန တစ်ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနကို လူဝင်မှုနှင့်နိုင်ငံသားဌာနခွဲ၊ အမျိုးသားမှတ်ပုံတင်ဌာနခွဲ၊ သန်းခေါင်စာရင်း၊ စစ်တမ်းနှင့်ကွန်ပျူတာဌာနခွဲ၊ ပြည်သူ့ဝန်ထမ်းမှတ်တမ်း ဌာနခွဲနှင့် စီမံရေးရာဌာနခွဲဟူ၍ ဌာနခွဲ (၅) ခုဖြင့် စုစည်းဖွဲ့စည်းခဲ့ပါသည်။ သန်းခေါင်စာရင်းဌာနသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလက်အောက်တွင် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့်ကွန်ပျူတာဌာနခွဲ အမည်ဖြင့် ဖွဲ့စည်းတည်ရှိခဲ့ပါသည်။
၇။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ခုနှစ်၊ မတ်လ (၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၂၃/၉၂) ဖြင့် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနအား ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂) ခု တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနတွင် လက်အောက်ခံဦးစီးဌာနတစ်ခုအနေဖြင့် ဆက်လက်တည်ရှိခဲ့ပါသည်။
၈။ ၁၉၉၅ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်၊ (၃၁/၉၅) ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပါသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ဌာနခွဲတစ်ခုအဖြစ် ဆက်လက်ဖွဲ့စည်းခဲ့ပြီး ၎င်းဦးစီးဌာန၏ လက်အောက်တွင် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် ကွန်ပျူတာဌာနခွဲအဖြစ် ဆက်လက်တည်ရှိခဲ့ပါသည်။
၉။ ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၃၇/၉၇) ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ သဘောတူခွင့်ပြုချက်အရ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနလက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၏ ဌာနခွဲတစ်ခုဖြစ်သည့် သန်းခေါင်စာရင်း၊ စစ်တမ်းနှင့် ကွန်ပျူတာဌာနခွဲအား ပြည်သူ့အင်အားဦးစီးဌာနအဖြစ် တိုးမြှင့်ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့ကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအား လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနနှင့် ပြည်သူ့အင်အားဦးစီးဌာနဟူ၍ ဦးစီးဌာန (၂) ခုဖြင့် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပြည်သူ့အင်အားဦစီးဌာနသည် ၂၀၁၂ ခုနှစ် ဩဂုတ်လ (၃) ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂၉/၂၀၁၂) ၏ သဘောတူခွင့်ပြုချက်အရ ဌာနခွဲ (၃) ခုအား အရာထမ်းရာထူး (၄၃) ဦး၊ အမှုထမ်းရာထူး (၄၄၂) ဦး စုစုပေါင်း (၄၈၅) ဦးဖြင့်ပြင်ဆင်၍လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၄) ခုတွင် ပြည်သူ့အင်အားလုပ်ငန်းအဖွဲ့ပြင်ဆင်ဖွဲ့စည်းခြင်းအား အရာထမ်းရာထူး (၂၈) ဦး၊ အမှုထမ်းရာထူး (၁၁၂) ဦး စုစုပေါင်း (၁၄၀) ဦးနေရာဖြင့်ပြင်ဆင်၍လည်းကောင်း၊ ပြည်သူ့အင်အားဦးစီးဌာနတွင် အရာထမ်း စုစုပေါင်း (၇၁) ဦးနှင့် အမှုထမ်း စုစုပေါင်း (၅၅၄) ဦး စုစုပေါင်းအင်အား (၆၂၅) ဦးဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၁၃-၉-၂၀၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁ဝဝ/ ၁(၇)(ဝဝ၃၁)/လပန ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
၁၀။ ပြည်သူ့အင်အားဦးစီးဌာနအဖြစ် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ စတင်တည်ထောင်ပြီး အမှတ် (၄၁၆)၊ မဟာဗန္ဓုလလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိခဲ့ပါသည်။ ယခုအခါတွင် ပြည်သူ့အင်အားဦးစီး ဌာနသည် ရုံးအမှတ်(၄၈)၊ နေပြည်တော်သို့ ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးဖြစ်ပါသည်။