၂၀၂၁ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား

၂၀၂၁ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနား

နေပြည်တော် ဇူလိုင် ၉

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို ဇူလိုင်လ (၉) ရက် ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ကသတ်မှတ်သည့် ဆောင်ပုဒ်ပါအချက်အလက်များကို အခြေခံ၍ ယခုနှစ်တွင် "ကမ္ဘာမြေသာယာဖို့ မျိုးဆက်ပွားကျန်းမာရေးကိုမြှင့်တင်စို့" ဟု သတ်မှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအချက်အလက်များသည် COVID-19 ကာလမဖြစ်ပွားမီ ကောက်ယူခဲ့ခြင်းကြောင့် COVID-19 ၏ နောက်ဆက်တွဲအကျိုးဆက်များကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များကို စနစ်တကျပြင်ဆင်နိုင်ရန် များစွာအထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်အားလုံးသည် COVID-19 ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေသာယာစေရေးအတွက် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အမှာစကားပြောကြားပါသည်။

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်နှင့်ဆက်နွယ်၍ မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် အချက်အလက်များအားရှင်းလင်းတင်ပြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် Video Clip ကိုကြည့်ရှု အားပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

အောက်ဖော်ပြပါ Link တွင် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် Video Clip ကိုကြည့်ရှုနိုင်ပါသည်-

https://www.youtube.com/watch?v=yALdc2YiCD8