2021 World Population Day

2021 World Population Day

နေပြည်တော်၊ ဇူလိုင် ၉

          ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁၁) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်(၉)ရက် ယနေ့ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးအောင်ကျော်စိုး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း (၇၉၀၀)ခန့်ရှိကာ နှစ်စဉ်တိုးတက်လာလျက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်းပေါင်း (၈၅၀၀) ခန့်ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် လူဦးရေလျင်မြန်စွာတိုးပွားနေခြင်းကြောင့် နောက်ဆက်တွဲ စိန်ခေါ်မှုများစွာကိုလည်း ရင်ဆိုင်နေရပါကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ဦးချင်းအနေဖြင့်ဖြစ်စေ၊ အရေးကြီးနှင့်ဉီးစာပေးရမည့် လူဦးရေနှင့်ဆက်နွယ်ပတ်သက်နေ့သည့် အကြောင်းအရာများကို ဂရုပြုအာရုံစိုက်မိလာစေရန်နှင့် အလေးထားဆောင်ရွက်လာစေရန် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့လူဦးရေနေ့အခမ်းအနားကို ၁၉၉၀ ပြည့်နှစ်ကစတင် ကျင်းပခဲ့ပြီး ယခုဆိုလျှင် (၃၂)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခင်နှစ်များက ကမ္ဘာ့လူဦးရေနေ့ကိုခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် COVID-19 ကပ်ရောဂါ   ဖြစ်ပွားဆဲကာလဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ လူဦးရေနှင့်ဆက်စပ်သည့် ဌာနဆိုင်ရာကိုယ်စားလှယ်များဖြင့်သာ အကျဉ်းချုံးကျင်းပခြင်းဖြစ်ပါကြောင်း၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်များကို သတ်မှတ်ရာတွင် အချိန်ကာလအလိုက်ဖြစ်ပေါ်နေသည့် လူဦးရေနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များအပေါ် အခြေခံသတ်မှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က သတ်မှတ်ထားသည့် ဆောင်ပုဒ်ပါအချက်အလက်များကို အခြေခံ၍ ယခုနှစ်တွင် “ကမ္ဘာမြေသာယာဖို့ မျိုးဆက်ပွားကျန်းမာရေး မြှင့်တင်ကြစို့” ဟုသတ်မှတ်ခဲ့ပါကြောင်း၊ ယင်းဆောင်ပုဒ်ကပေးလိုသည့် အဓိကအချက်မှာ COVID-19 ကာလအတွင်း မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးလုပ်ငန်းများ၊ ဝန်ဆောင်မှုများကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်ရန်နှင့် အမျိုးသမီးများနှင့် မိန်းကလေးများအပါအဝင် နိုင်ငံသူ/ နိုင်ငံသားအားလုံး ကျန်းမာရေးနှင့်အခွင့်အရေးများ အပြည့်အဝရရှိနိုင်ရန်ဖြစ်ပါကြောင်း၊ ကပ်ရောဂါစတင်ခဲ့သည့်  ၂၀၁၉ နှစ်ကုန်ပိုင်းမှစ၍ ယနေ့ကလအထိ ကမ္ဘာပေါ်တွင် လူ(၄)သန်းကျော် သေဆုံးခဲ့ပြီး (၁၈၅)သန်းခန့် ရောဂါကူးစက်ခံထားရပါကြောင်း၊ ကပ်ရောဂါဖြစ်ပွားမှု၏ ဒုတိယနှစ်အတွင်း ကာကွယ်ဆေးထုတ်လုပ်နိုင်ပြီးဖြစ်သော်လည်း ရောဂါထိန်းချုပ် နိုင်ခြင်းမရှိသေးဘဲ တတိယလှိုင်းရိုက်ခတ်မှုများကြောင့် ကမ္ဘာသူ/ကမ္ဘာသားအများစု၏ လူမှုစီးပွားဘဝများအပေါ် ဆိုးကျိုးများ သက်ရောက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ(၅၅)သန်းကျော်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေသန်း(၆၀)ခန့် ရှိလာမည်ဟု ခန့်မှန်းထားပါကြောင်း၊ ယခင်နှစ်များက ကလေးမွေးဖွားနှုန်းမြင့်မားခဲ့မှု၏ အကျိုးဆက်အဖြစ် လူဦးရေဆုလာဘ်ကိုရရှိနေသည့်ကာလ ဖြစ်သည့်နှင့်အညီ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိရောက်ရောက်ထည့်သွင်းအသုံးချရန်လိုအပ်သကဲ့သို့ အနာဂတ်တွင်များပြားလာမည့် သက်ကြီးရွယ်အိုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ် အားကောင်းလာစေရန်လည်း ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် အမျိုးသားများ သေဆုံးမှုမြင့်မားခြင်းနှင့် ပြည်ပသို့ရွှေ့ပြောင်းနှုန်း မြင့်မားခြင်းတို့ကြောင့် မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေ သိသာစွာပိုများနေသည်ကိုတွေ့ရပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အမျိုးသမီး(၁၀၀)တွင် (၅၀)ခန့်သာ အလုပ်လုပ်နေသည့် အတွက် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ၎င်းတို့၏လုပ်အားကို အပြည့်အဝအသုံး မချနိုင်သေးသည်ကို တွေ့ရပါကြောင်း၊ ထို့ပြင်မိသားစုလုပ်ငန်းများနှင့် အလုပ်အကိုင်အမျိုးအစား ခွဲခြားမဖော်ပြနိုင်သည့် လုပ်ငန်းများတွင်အများစုသည် အမျိုးသမီးများဖြစ်ကြောင်းကို တွေ့ရှိရ ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID-19 သည် ကာလကြာရှည်စွာ ဆက်လက် တည်ရှိနေမည်ဟု ခန့်မှန်းထားခြင်းကြောင့် မိမိတို့နိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွား အခြေအနေများအပေါ် ရေရှည်အကျိုးသက်ရောက်နိုင်မှုများကို ကြိုတင်ခန့်မှန်းတွက်ချက်ထားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေဆုလာဘ်ရရှိနေချန်၌ တိုးပွားလာသည့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်းတီးပေးရန် လိုအပ်နေချိန်တွင် COVID-19 ကပ်ရောဂါကြီး ကာလကြာရှည်စွာ ဖြစ်ပေါ်နေမည်ဆိုပါက အလုပ်အကိုင်အသစ်များ ဖန်တီး   မပေးနိုင်ယုံသာမက လက်ရှိအလုပ်အကိုင်များပါ ဆုံးရှုံးနိုင်ခြင်းကြောင့် ပြန်လည်ကုစာရေးအစီ အစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ထို့ပြင် COVID-19 ကြောင့် နိုင်ငံခြားတွင် အလုပ်လုပ်နေသည့် ရွှေ့ပြောင်းလုပ်သားများစွာသည် အလုပ်အကိုင်များ ဆုံးရှုံးပြီး မိမိတို့နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် အလုပ်အကိုင်များပိုမိုရှားပါးလာပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များကို မှန်မှန်ကန်ကန် ဆန်းစစ်လေ့လာသုံးသပ်နိုင်ရန် မိမိတို့ဝန်ကြီးဌာနက ၂၀၁၉ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်းစာရင်း အချက်အလက်များကို ထုတ်ပြန်ပေးထားပြီးဖြစ်ပါကြောင်း၊ ယင်းအချက်အလက်များသည် COVID-19 ကာလမဖြစ်ပွားမီကောက်ယူခဲ့ခြင်းကြောင့် COVID-19 ၏ နောက်ဆက်တွဲအကျိုးဆက်များကို ဆန်းစစ်လေ့လာရန်နှင့် ကုစားရေးလုပ်ငန်းစဉ်များကို စနစ်တကျပြင်ဆင်နိုင်ရန် များစွာ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း လူသားမျိုးနွယ်အားလုံးသည် COVID-19 ကို စနစ်တကျတုံ့ပြန်အံတုရင်း ကမ္ဘာမြေသာယာ စေရေးအတွက် မျိုးဆက်ပွားကျန်းမာရေးကို မြှင့်တင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က၂၀၂၁ခုနှစ်၊ ကမ္ဘာ့လူဦးရေ နေ့ဆောင်ပုဒ်နှင့်ဆက်နွယ်၍ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အချက် အလက်များအား ရှင်းလင်းတင်ပြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် Video Clip ကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။