
နေပြည်တော်၊ ဇန်နဝါရီ ၇ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားများနှင့် ပန်းခင်းစီမံချက်တွင် အောင်မြင်စွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၏ နှစ်သစ်ကူးမိတ်ဆုံစားပွဲကို ဇန်နဝါရီလ ၆ ရက်၊ ည ၇ နာရီ ၂၅ မိနစ်က နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ စုံညီဧည့်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်၊ ဒေါက်တာမျိုးသန့်နှင့် ၎င်းတို့၏ဇနီးများ၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးများ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စစ်ရေးပြ အခမ်းအနား၊ ဂုဏ်ပြုယာဉ်နှင့် ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ၊ ပန်းခင်းစီမံချက်တွင် အောင်မြင်စွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ထူးကဲလေးနက်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူကြရမည်ဖြစ်ပါကြောင်း၊ ကြုံတောင့်ကြုံခဲအခမ်းအနားကြီးတွင် တာဝန်ကျေပွန်စွာဆောင်ရွက်ခဲ့ကြသည့်အတွက် ဝန်ထမ်းများအားလုံးကို ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကိုလည်း အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနစတင်တည်ထောင်ချိန်မှ ယခုအချိန်အထိ တာဝန်ထမ်းဆောင်သူများအနက် ယခုနှစ်တွင် နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့ထူးဂုဏ်ထူးတံဆိပ်ရရှိမှု စုစုပေါင်း (၃၁၉) ဦးရှိခဲ့ကြောင်းကိုလည်း မှတ်တမ်းတင်ပါကြောင်း၊ ယခုနှစ်သစ်ကူးကာလမှစ၍ နောင်လာမည့်အနာဂတ် ကာလများတွင်လည်း ဝန်ထမ်းအချင်းချင်း ရင်းနှီးချစ်ကြည်စည်းလုံးစွာဖြင့် ပေးအပ်သည့်တာဝန်များကို ဆထက်ထမ်းပိုး ကျေပွန်စွာ ထမ်းဆောင်ကြစေလို ပါကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ်အထူးဆုအား ဂုဏ်ပြုယာဉ် တည်ဆောက်ရေးတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြည်ထောင်စုဝန်ကြီးထံပေးအပ်ပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကိုယ်စားပြုဂုဏ်ပြုယာဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို ပြန်လည် ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနကိုယ်စားပြုပြခန်းတွင် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်ထံသို့လည်းကောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ချီတက်ခဲ့ကြသည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကို အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းထံသို့လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာကြသည့်ဝန်ထမ်း များနှင့် မိသားစုများနှင့်အတူ နှစ်သစ်ကူးမိတ်ဆုံညစာကို အတူတကွသုံးဆောင်သည်။ အဆိုပါမိတ်ဆုံစားပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် နေပြည်တော် ရုံးချုပ်မှ ဝန်ထမ်းများအားလုံးကိုလည်း ညစာဒန်ပေါက်ထမင်း ဝေငှပေးခဲ့ကြောင်းသိရသည်။
ညစာသုံးဆောင်နေစဉ် New Age အဖွဲ့မှ တေးသံသာများဖြင့် သီဆိုဖျော်ဖြေကြပြီး ဝန်ထမ်းများကလည်း ပါဝင်သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ကူးမိတ်ဆုံစားပွဲတွင် သီဆိုဖျော်ဖြေပေးကြသည့် New Age အဖွဲ့မှ အဆိုတော်များနှင့် တီးဝိုင်းအဖွဲ့အား ချီးမြှင့်ငွေနှင့် အမှတ်တရလက်ဆောင်ပန်းခြင်းတို့ကို အသီးသီးပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။