ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လောက်ကိုင်မြို့နယ်အတွင်း၌ ပန်းခင်း စီမံချက် အဆင့် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲတက်ရောက်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လောက်ကိုင်မြို့နယ်အတွင်း၌ ပန်းခင်း စီမံချက် အဆင့် (၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲတက်ရောက်။

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်က မွန်းလွဲ (၃) နာရီခွဲက လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး ခန်းမဆောင်ကြီး၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊  “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ခေတ်အဆက်ဆက် စီမံချက်များ ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုးပွင့်၊ သစ္စာစသည့် စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ပေးသကဲ့သို့ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ကိုင်ဆောင် မဲပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်မရရှိသေးသူများနှင့် ယခုနှစ်အတွင်း အသက် (၁၆) နှစ်ပြည့်မှီလာ သူများအတွက် ပန်းခင်းစီမံချက် အဆင့် (၂) ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသား အခွင့်အရေး အပြည့်အဝရရှိနိုင်သကဲ့သို့ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ခွင့်အပြည့်အဝရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားကို အလွယ်တကူရရှိမှုအပေါ် တန်ဖိုးမထားမဖြစ်ကြရန်နှင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေးရရှိသကဲ့သို့ နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်လည်း လိုအပ်ပါကြောင်းနှင့် နိုင်ငံသားတစ်ဦး၏တာဝန်ကိုလည်း ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း  ပန်းခင်းစီမံချက်ဆောင်ရွက်မှုနှင့်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် လောက်ကိုင်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် (၂၀၀) နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၀၀) ကတ်တို့ကို ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒေသကွပ်ကဲရေးမှူး၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဥက္ကဌ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဒေသခံ ကိုယ်စားလှယ်များထံ အသီးသီးပေးအပ်ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပြီး  အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်‌ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လောက်ကိုင်မြို့၊ အေးငြိမ်းချမ်းသာပြည်သူ့ဥယျာဉ် ပြန်လည်ပြုပြင်တည်ဆောက် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် မဲခေါင်-လန်ချန်းဒေသ အထူးရန်ပုံငွေဖြင့် ဆောင်ရွက်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေးစင်တာဖွင့်ပေးအခမ်းအနားသို့ တက်ရောက် အားပေးသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေတို့က သိုလှောင်ရုံနှင့် အသိပညာပေးစင်တာတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကမ္မည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

မဲခေါင်-လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်မှ ထောက်ပံ့ငွေကျပ် (၄၆၅ ဒဿမ ၇၀၈) သန်းဖြင့် ရှမ်းပြည်နယ်အတွင်း ပင်းတယ၊ မိုင်းပျဉ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့တွင် သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်အရ သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ (၄) ခုတို့ကို တည်ဆောက် ပေးခဲ့ရာ ယခုအခါ အဆိုပါကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် မဲခေါင်-လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် တည်ဆောက်ပြီးဖြစ်သည့်သိုလှောင်ရုံနှင့် အသိပညာပေးစင်တာကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)၊ ရဟတ်ယာဉ်ကွင်းအနီး၌ လောက်ကိုင်ဒေသအတွင်း တာဝန်ထမ်းဆောင် လျက်ရှိသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများအားတွေ့ဆုံကာ နယ်စပ်ဒေသ၌ တာဝန်ထမ်းဆောင်နေကြသူများပီပီ နိုင်ငံနှင့်လူမျိုးအပေါ်တာဝန်သိသိ သစ္စာရှိရှိ ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသခံတိုင်းရင်းသားများနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီနေထိုင်ကျင့်ကြံ၍ ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။