
နေပြည်တော်၊ ဇန်နဝါရီ ၁၇ ။
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဌ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁၆) ရက် နံနက် (၈) နာရီခွဲတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်သင်တန်းကျောင်း၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက သင်တန်းကျောင်းရှိ သင်တန်းသား (၆၀) ဦးအား e-ID Software ဖြင့် ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များအား လက်ရှိမြေပြင်လူဦးရေစာရင်း အချက်အလက်များနှင့် ကိုက်ညီမှုရှိ/ မရှိ၊ နိုင်ငံသားကတ်ရရှိမှုအခြေအနေ၊ ပြောင်းရွှေ့လာသည့် မူလဒေသအခြေအနေ တို့ကို တစ်ဦးချင်းမေးမြန်း တိုက်ဆိုင်ဖြည့်သွင်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် Working Group အဖွဲ့ဝင်များအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ သင်တန်းကျောင်း ကျောင်းအုပ်ကြီးအား မြေပြင်လူဦးရေစာရင်းကောက်ယူခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ကြီးထံပေးအပ်ကာ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ် (၁၀) ရပ်ကွက်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းဖြင့် လူဦးရေစာရင်း အချက်အလက်များ တိုက်ဆိုင်စစ်ဆေး ရေးမှတ်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ မြို့နယ်နှင့်ရပ်ကွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များအား လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အိမ်ရှင်မိသားစုဝင်များအား လူဦးရေစာရင်းမှန်ကန်ရေးအတွက် စာရင်းကောက်ယူမှုအပေါ် ရှင်းလင်းပြောကြား၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လားရှိုးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ လားရှိုးတက္ကသိုလ် ဝန်ထမ်းအိမ်ရာဝန်းအတွင်း မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) အဖွဲ့ဝင်များက ဝန်ထမ်းအိမ်ရာရှိ မိသားစုဝင်များအား မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူတိုက်ဆိုင်မေးမြန်းဖြည့်သွင်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကြကာ လုပ်ငန်းဆောင်ရွက်မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး အိမ်ရာရှိမိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လားရှိုးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ လားရှိုး၊ ကျောက်မဲ၊ တန့်ယန်း၊ ကွတ်ခိုင်တို့မှ ခရိုင်နှင့် မြို့နယ်ဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။
ထို့သို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တွင် နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ၌ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားကတ်ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးရန်ကျန်ရှိသည့် “ဝ” အထူးဒေသအတွင်း ယခုအခါ မိမိဌာနဝန်ထမ်းထုတ်နှုတ်အင်အားဖြင့် နိုင်ငံသားကတ် ထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းဒေသ အတွင်း လျာထားသတ်မှတ်ချက်အတိုင်း ပြည့်မှီပြီးစီးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ (၂၀၂၀) ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်းအမှားများ ဖြစ်ပွားခဲ့သည့်အတွက် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲစာရင်းများ တိကျမှန်ကန်စေရန် ယခုအခါ လူဦးရေစာရင်းအချက်အလက်များကို မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဒေသအာဏာပိုင်များ၊ အခြားဆက်စပ်ဌာနဝန်ထမ်းများဖြင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်နေ့ထိ (၂၃) ရက်ကြာ ကောက်ယူဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေးနှင့် ကောက်ယူရရှိသည့် အချက်အလက် စာရင်းပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ မသမာသူများ၏ ဖျက်ဆီးမှုမခံရစေရေး ကြိုတင်မျှော်တွေး၍ စနစ်တကျ ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ရရှိပြီးသော လူဦးရေစာရင်းအချက်အလက်များအား e-ID Softwareသို့ တိုက်ဆိုင်ဖြည့်သွင်း ဆောင်ရွက်မှုကိုလည်း အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းလုံခြုံရေးနှင့် စာရွက်စာတမ်းလုံခြုံရေး အလေးဂရုပြု ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းမှာကြားသည်။
ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ပန်းခင်းစီမံချက် အဆင့် (၂) ဆောင်ရွက်ပြီးစီးမှုနှင့် “ဝ” အထူးဒေသအတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ မြို့နယ်များအလိုက် လူဦးရေ စာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေ များကိုလည်းကောင်း၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများက ခရိုင်နှင့်မြို့နယ်အလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်မြင့်က “ဝ” အထူးဒေသအတွင်း ထပ်မံကွင်းဆင်း ဆောင်ရွက်မည့် အစီအမံများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအနေဖြင့် ပန်းခင်းစီမံချက်ကို အောင်မြင်အောင်ဆောင်ရွက်သကဲ့သို့ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေးလုပ်ငန်းကိုလည်း အောင်မြင်အောင်ဆောင်ရွက်ကြရေး အခြေအနေ၊ မှန်ကန်သောလူဦးရေစာရင်းကိုအခြေခံ၍ မှန်ကန်သောမဲစာရင်းပြုစုကာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေ၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေးအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။