ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေးတက်ရောက်၊ နေခွင့်လျှောက်ထားသူများအား ဥပဒေနှင့်အညီခွင့်ပြုနိုင်ရေး သုံးသပ် အကြံပြု ဆွေးနွေးကြရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်း ဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေးတက်ရောက်၊ နေခွင့်လျှောက်ထားသူများအား ဥပဒေနှင့်အညီခွင့်ပြုနိုင်ရေး သုံးသပ် အကြံပြု ဆွေးနွေးကြရန်တိုက်တွန်း။

နေပြည်တော်၊ ဇန်နဝါရီ ၃၀။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ဖြင့် စိစစ်သုံးသပ်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၃၀ ရက်၊ ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများအား ၎င်းတို့နှင့်ပတ်သက်၍ လိုအပ်ချက်များ၊ စနစ်တစ်ခုလုံးအတွက်လိုအပ်ချက်များကို တည်ဆဲဥပဒေများ၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ကာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရန် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကိုလည်း မိမိတို့ဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ကနဦးလျှောက်ထားခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင်ပါ လျှောက်ထားနိုင်ရန် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေအား ပြင်ဆင်သည့်နည်းဥပဒေကိုလည်း ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၇) ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System) စနစ် စီမံခန့်ခွဲမှုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင် (၁၀) ဦးဖြင့် လည်းကောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၁၀) ဦးဖြင့်လည်းကောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၁၃) ဦးဖြင့်လည်းကောင်း အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားနိုင်သည့် PR အမျိုးအစား (၄) မျိုးရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်အထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း (၇၄၅) ဦးရှိပြီဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် (၆၆၉) ဦးရှိပြီဖြစ်ပါကြောင်း၊ PR နည်းဥပဒေအရ ငြင်းပယ်ခဲ့သူ (၇) ဦးရှိပြီး လျှောက်ထားခြင်းကို ပြန်လည်ပယ်ဖျက်ခွင့်ပြုရန် လျှောက်ထားသူ (၁) ဦး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန် လေကြောင်းလိုင်းများ ပိတ်ထားသည့်အတွက် ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးရန်ကျန်ရှိသူ မိသားစုအပါအဝင် (၄၈) ဦးရှိပါကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးမှာ ပြီးခဲ့သည့် ဇန်နဝါရီလ (၁၉) ရက်က နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးဖြစ်သည့် မိသားစုအပါအဝင် လျှောက်ထားသူ (၂၀) ဦးအား ဗဟိုကော်မတီအနေဖြင့် စိစစ်သုံးသပ်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ စိစစ်ဆောင်ရွက်ပြီးပါက ၎င်းတို့အား လူကိုယ်တိုင်ခေါ်ယူ၍ ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးအကဲဖြတ်မှုများကို ဆက်လက် စီမံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့အတွက် နိုင်ငံခြားငွေရရှိရေးနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသော်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှု မရှိစေရေးအတွက် ဗဟိုကော်မတီဝင်များအနေဖြင့် အဖက်ဖက်မှစဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုနိုင်ရေးအတွက် စိစစ်သုံးသပ် အကြံပြုဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်ကိုယ်စား တာဝန်ခံအရာရှိက နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များ၊ လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် (၂၀) ဦး၏ ကိုယ်ရေးအချက်အလက်များနှင့် တစ်ဦးချင်းအမှတ်ပေး စနစ်များ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှစိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက တစ်ဦးချင်းကိုယ်ရေးအချက်အလက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ဝိုင်းဝန်းသုံးသပ်အကြံပြု ဆွေးနွေးပြီးနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆွေးနွေးချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဗဟိုကော်မတီမှ အတည်ပြုပြီးသူများအား လူတွေ့စစ်ဆေးအကဲဖြတ်မှု ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ကို ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်၊ အခြား နိုင်ငံသားခံယူထားပြီး မိမိနိုင်ငံအကျိုးကို အထောက်အကူပြုမည့် မြန်မာနိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသား ဟူ၍ အမျိုးအစား (၄) မျိုးဖြင့် စိစစ်ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။