ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ် ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်၊ Pilot Project ဖြင့် ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ် ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်၊ Pilot Project ဖြင့် ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် ဖွဲ့စည်းထား သည့် လုပ်ငန်းကော်မတီများအနက် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်နုမြဇံ၊ ဒေါက်တာ အောင်ကြီး၊ ဦးဇော်ထွန်း၊ ပါမောက္ခ ဒေါက်တာအေးထွန်း၊ ဦးစိုးကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်လုပ်ငန်းကော်မတီဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ ကျော်သူရနှင့် အဖွဲ့ဝင် (၃) ဦး တို့သည် Virtual စနစ်နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းများအား ထိထိရောက်ရောက် အလေးထားဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ်မှဦးဆောင်၍ ကော်မတီဝင်စုစုပေါင်း (၃၀) ဦးဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ဗဟိုကော်မတီ၏လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း ကော်မတီနှင့် လူသားချင်းစာနာမှုအကူအညီ၊ အထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိအနေဖြင့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌအဖြစ်လည်းကောင်း ပါဝင်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကော်မတီကို စုစုပေါင်းအဖွဲ့ဝင် (၁၃) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ကာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား တည်ဆဲဥပဒေဖြစ်သည့် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီစိစစ်၍ ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို ယခုလည်း ပန်းခင်းစီမံချက်ဖြင့် အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း၌လည်း ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပြန်လည်လက်ခံရေး သဘောတူစာချုပ်ကို နှစ်နိုင်ငံကိုယ်စားလှယ်များ လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါကြောင်း၊ ယင်းသဘောတူညီစာချုပ်အရ ပြန်လည်လက်ခံရေးဆိုင်ရာ လုပ်ငန်းစဉ်အားလုံး ကိုစိစစ်ရန်နှင့် ကြီးကြပ်ရန်အတွက် ပူးတွဲလုပ်ငန်းအဖွဲ့ (JWG) ကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ စုစုပေါင်းအဖွဲ့ဝင် (၁၉) ဦးဖြင့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံပူးတွဲအစည်းအဝေး (၅) ကြိမ်တိုင် ကျင်းပခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၌ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး MoU ၏ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းအဖွဲ့ (TWG) ကို ဖွဲ့စည်းခဲ့ပါကြောင်း၊  TWG အဖွဲ့သစ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့တွင် ကိုယ်စားလှယ် (၁၄) ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းကာ TWG အစည်းအဝေး (၁၂) ကြိမ် ကျင်းပဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို နှစ်နိုင်ငံအောက်ခြေအဖွဲ့များအကြား ဆွေးနွေးဖြေရှင်းနိုင်ရန် ရခိုင်ပြည်နယ်နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အထူးအဖွဲ့ကိုလည်းဖွဲ့စည်းကာ အစည်းအဝေး (၂) ကြိမ် ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် ကိုယ်ရေးအချက်အလက်များကို စိစစ်လျက်ရှိပါကြောင်း၊ ယင်းစိစစ်ချက်အရ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူများ၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စိစစ်ချက်အရအကြမ်းဖက်စာရင်းတွင်ပါဝင်သူများ၊ မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း အထောက်အထားမတွေ့ရှိသူစာရင်း များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သံတမန်နည်းလမ်းဖြင့် ပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် ဒုတိယအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား Pilot Project ဖြင့် လျာထားဆောင်ရွက်နိုင်ရေး ဆုံးဖြတ်ခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းများ ပေးပို့ခဲ့ပါကြောင်း၊ ၂၀၂၁/၂၀၂၂ ခုနှစ်တွင် ထပ်မံမွေးဖွားသည်ဟုယူဆရသူ မွေးတိုးကလေးများအား MoU တွင်ပါရှိသည့်အတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးမှ မှန်ကန်ကြောင်းထောက်ခံချက် ပါရှိမှသာ ပြန်လည်လက်ခံနိုင်မည်ဖြစ်ပါကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆွေးနွေးပြောကြား ပေးပို့ခဲ့ပါကြောင်း၊ Pilot Project ဖြင့် လက်ခံမည့်သူ များအား မျက်မြင်ကြည့်ရှုစစ်ဆေးနိုင်ရန် မျက်မြင်စစ်ဆေးရေးနေရာအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အဆိုပြုနေရာအား သတ်မှတ်ကာ ယင်းလုပ်ငန်းစဉ် နှင့်ပတ်သက်၍ ပြန်လည်လက်ခံရေးကိစ္စရပ်များကို ယခုအစည်းအဝေးတွင် ဆွေးနွေးကြရန်ဖြစ်ပါ‌ကြောင်း၊ ယင်းတို့၏ မျက်မြင်စစ်ဆေးတွေ့ရှိချက်များ ကိုလည်း ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီမှတဆင့် ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ပြီး ဗဟိုကော်မတီ၏ အတည်ပြုချက်ရရှိမှသာ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စတုတ္ထအကြိမ် ပေးပို့သည့် စာရင်းများတွင် ဟိန္ဒူများလည်းပါဝင်၍ ၎င်းတို့ကိုလည်း Pilot Project တွင်စိစစ်၍ ပြန်လည်လက်ခံနိုင်ရေး လျာထားပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် တောင်ပြိုလက်ဝဲနှင့် ငါးခူရပြန်လည်လက်ခံရေးစခန်း (၂) ခု ဖွင့်လှစ်ထားရှိပြီး ကုန်းလမ်းကြောင်းမှ ဝင်ရောက်လာသူများအတွက် တောင်ပြိုလက်ဝဲမှလည်းကောင်း၊ ရေလမ်းကြောင်းမှ ဝင်ရောက်လာသူများအတွက် ငါးခူရမှလည်းကောင်း ပြန်လည်လက်ခံဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများ စုဖွဲ့၍အသုံးပြုမည့် လုပ်ငန်းသုံးပုံစံများ၊ စက်ပစ္စည်းများ ပြည့်စုံစွာဖြည့်တင်းထားရှိပြီး စခန်းအသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ဌာနနှင့်သက်ဆိုင်သည့် အချက်အလက်များ အပေါ်မူတည်၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း အကြံပြုညှိနှိုင်း ဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက်လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်က လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ ၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးအတွက် အချက်အလက်များ တိုက်ဆိုင်စိစစ်ဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ အမျိုးသား မှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက ရခိုင်ပြည်နယ်အတွင်းနိုင်ငံသားစိစစ်ရေး လုပ်ငန်းများဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ယခု Pilot Project ဖြင့် ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ် နှင့်ပတ်သက်၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ပတ်သက်သည့် ဆွေးနွေးချက်များကို ရှင်းလင်းတင်ပြ ကာ အတည်ပြုချက်ရယူပြီးနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဌာန၏လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။