
နေပြည်တော်၊ ဇွန် ၁၄ ။
မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရန် e-ID စနစ်လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၄ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဒေါ်သန်းသန်းလင်း၊ ဦးရဲတင့်၊ ဒေါက်တာ ဇော်မြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် မြတ်မင်းဦးနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတစ်ဝန်းလုံး နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ Digital စနစ်သို့ ကူးပြောင်းနိုင်ရေးအတွက် e-Government စနစ် အကောင်အထည်ဖော်နိုင်ရေး အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ e-ID စနစ်သည် e-Government လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံစနစ်တစ်ခု ဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ်ဖြင့် နေထိုင်ခွင့်ရသူ၊ အမြဲနေအခွန်ဆောင် နိုင်ငံခြားသားများစသည်တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) များကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သော Unique ID နံပါတ်တစ်ခုစီ သတ်မှတ်ပေးသည့် စနစ်ဖြစ်ပါကြောင်း၊ ယင်းနောက် UID နံပါတ်ရရှိပြီးသူများအနက် ဥပဒေအရ နိုင်ငံသားအရည်အချင်းပြည့်မီသူများ အားလုံးကို National ID ထုတ်ပေး နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို Paper စနစ်မှ Digital စနစ်သို့ ပြောင်းလဲဆောင်ရွက်ရာ၌ မိမိဝန်ကြီးဌာနမှ ပညာရှင်များ၊ တပ်မတော်အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်တို့မှ ပညာရှင်များ၏ ကူညီဆောင်ရွက်မှုဖြင့် e-ID စနစ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၏ ကူညီဆောင်ရွက်မှုများဖြင့် လဝကမြို့နယ်ရုံးအသီးသီးရှိ နိုင်-၄ မှတ်တမ်းပါအချက်အလက် (၅၂) သန်းကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆) (၁၃) သန်းကျော်ကို Database အတွင်းထည့်သွင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် e-ID Database System အတွင်း ထည့်သွင်းထားသော နိုင်/ ဧည့်/ ပြု ကိုယ်ရေးအချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များကို အခြေခံ၍ Biometric အချက်အလက်များ ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်ကို Pilot Project အဖြစ် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်မှစ၍ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စတင်ကောက်ယူခဲ့ပြီး လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကို ဖြေရှင်းပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ မိမိဝန်ကြီးဌာနရှိ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပေးပို့လာသော SIM Registration Manangement System (SRMS) အတွင်းရှိ (SIM Card) များကို တိုက်ဆိုင်စစ်ဆေး စိစစ်အကြောင်းပြန်ကြားခြင်း၊ အောင်ဘာလေထီမှ နိုင်နံပါတ်အား မှန်ကန်ခြင်းရှိ/မရှိ တိုက်ဆိုင်စစ်ဆေးပြန်ကြားပေးနိုင်မည့် API Platform တစ်ခု တည်ဆောက်နိုင် ရေးဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များ စိစစ်ဆောင် ရွက်ပေးခြင်း၊ နိုင်ငံကူးလက်မှတ် (passport) လုပ်ငန်းများအတွက် Database ဖြင့် တိုက်ဆိုင်စိစစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာ့ စီးပွားရေးဘဏ်မှ Centralized e-Pension စနစ်တွင် Face ID ဖြင့် အငြိမ်းစားများအား စိစစ်မှုပြုလုပ်ရာတွင် e-ID စနစ်ဖြင့် ချိတ်ဆက်နိုင်ရေးအတွက် လိုအပ်မည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော Hardware နှင့် Software များ ဝယ်ယူရေးနှင့်ပတ်သက်၍ e-ID စနစ် လုပ်ငန်းကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် e-ID စနစ်ဆိုင်ရာ တင်ဒါကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းစဉ်များအား အောင်မြင်စွာဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ e-ID စနစ်ဆိုင်ရာ တင်ဒါကော်မတီမှ ယခင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တင်ဒါလုပ်ငန်းစဉ်များ အပေါ်သုံးသပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် Hardware နှင့် Software များ ဝယ်ယူနိုင်ရေးအတွက် တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်တင်ပြလာရာ ယခုအစည်းအဝေးတွင် e-ID စနစ်ဆိုင်ရာတင်ဒါကော်မတီမှ တင်ပြချက်များအပေါ် e-ID စနစ် လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးကြရန်ဖြစ်ပါကြောင်းနှင့် e-ID စနစ်ကိုအခြေခံ၍ National Database အဖြစ်တည်ဆောက်နိုင်ရေး အတွက် ဌာနအလိုက်လုပ်ငန်းအတွေ့အကြုံများနှင့် ယှဉ်ကာဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နေမှုနှင့် တင်ဒါခေါ်ယူဆောင်ရွက်မည့် အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း၊ ဦးရဲတင့်၊ ဒေါက်တာ ဇော်မြင့်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်မှူးချုပ် မြတ်မင်းဦး၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက e-ID စနစ်အတွက်လိုအပ်သော နည်းပညာဆိုင်ရာပစ္စည်းများ၊ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့မှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစား သင့်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီးအကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်နှင့် ကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်တို့က နည်းပညာဆိုင်ရာပစ္စည်းများဝယ်ယူရေး အတွက် တင်ဒါကော်မတီအနေဖြင့် တင်ဒါလုပ်ငန်းများ စိစစ်ဆောင်ရွက်ခဲ့မှုနှင့် လုပ်ငန်းဆိုင်ရာအတွေ့အကြုံများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို သုံးသပ်အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော် အတွက်မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ အဖက်ဖက်ကတွေးတောကြံဆ၍ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။