မြန်မာနိုင်ငံတွင်နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအားဥပဒေ၊လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်ခွင့်ပြုဆောင်ရွက်ပေးနိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများ အတွက် စိစစ်ခွင့်ပြုနိုင်ရန် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System – PR System)ကို ၂၀၁၂ ခုနှစ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများအကောင်အထည်ဖော်နိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ထုတ်ပြန်ပြဋ္ဌာန်းခြင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ကနဦးလျှောက်ထား ခြင်းကို မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင်ပါ လျှောက်ထားနိုင်ရန် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေအား ပြင်ဆင်သည့်နည်းဥပဒေကို ထုတ်ပြန် ပြဋ္ဌာန်းခြင်းတို့ကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ အဖွဲ့ဝင် (၉)ဦးဖြင့် လည်းကောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၁၀)ဦးဖြင့်လည်းကောင်း၊ လုပ်ငန်းကော်မတီကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ အဖွဲ့ဝင် (၁၃)ဦးဖြင့်လည်းကောင်း အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားနိုင်သည့် PR အမျိုးအစား (၄) မျိုးရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်မှစ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်အထိ မိသားစု အပါအဝင် လျှောက်ထားသူစုစုပေါင်း (၇၅၁) ဦးရှိပြီဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ အတည်ပြုခွင့်ပြုပေးခဲ့သူ မိသားစုအပါအဝင် (၆၉၉)ဦးရှိပြီဖြစ်ပါကြောင်း၊ ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးရန်ကျန်ရှိသည့် လျှောက်ထားသူ (၃၃) ဦး၊ မိသားစုဝင် (၈) ဦး စုစုပေါင်း (၄၁) ဦးရှိပါကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးမှာ ပြီးခဲ့သည့် မတ်လ (၈) ရက်က လုပ်ငန်းကော်မတီမှ ပဏာမစိစစ်ပြီးဖြစ်သည့် လျှောက်ထားသူ (၃၇) ဦးနှင့် မိသားစုဝင် (၁၄) ဦး၊ စုစုပေါင်း (၅၁) ဦးအား ဗဟိုကော်မတီအနေဖြင့် စိစစ်သုံးသပ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ စိစစ်ဆောင်ရွက်ပြီးပါက ယခင် လူတွေ့စစ်ဆေးရန်ကျန်ရှိသည့် လျှောက်ထားသူ (၃၃)ဦးနှင့် ယခုစိစစ်အတည်ပြုသူတို့အား လူကိုယ်တိုင်ခေါ်ယူ၍ ဗဟိုကော်မတီ မှ လူတွေ့စစ်ဆေး အကဲဖြတ်မှုများကို ဆက်လက်စီမံ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်သည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက် များစွာအထောက်အကူပြုသော်လည်း ဗဟိုကော်မတီဝင်များအနေဖြင့် အဖက်ဖက်မှ စဉ်းစားသုံးသပ်ကာ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေးအတွက် သုံးသပ် အကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်ကိုယ်စား တာဝန်ခံအရာရှိ က လက်ရှိ PR လျှောက်ထားသူ မိသားစုအပါအဝင် (၅၁)ဦး၏ ကိုယ်ရေးအချက်အလက် များနှင့် အမှတ်ပေးစနစ်အရ လျှောက်ထားသူတစ်ဦးချင်းရရှိသည့်အမှတ်များ၊ လုပ်ငန်းကော်မတီမှ စိစစ်အကြံပြုချက်များ၊ ဗဟိုကော်မတီမှစိစစ်ပြီးပါက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များက လျှောက်ထားသူ တစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီခွင့်ပြုနိုင်ရေး ဝိုင်းဝန်းသုံးသပ်အကြံပြု ဆွေးနွေးကြပြီးနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆွေးနွေးချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဗဟိုကော်မတီ မှ အတည်ပြုပြီးသူများအား လူတွေ့စစ်ဆေးအကဲဖြတ်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့်မပြုသည့်အတွက် နိုင်ငံတော်၏ အကျိုး၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏အကျိုးအတွက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် စနစ်ကိုကျင့်သုံးအကောင်အထည်ဖော်လျက် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေး လုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားပြီး မိမိနိုင်ငံအကျိုးကို အထောက်အကူပြုမည့် မြန်မာ နိုင်ငံသားဟောင်းနှင့် မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄) မျိုးဖြင့် PR လျှောက်ထားသူများအား စိစစ်ခွင့်ပြုဆောင်ရွက်ပေးခဲ့သည်။