နေပြည်တော်၊ အောက်တိုဘာ ၂၂ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ လူမျိုးပေါင်းစုံ/ ဘာသာပေါင်းစုံ ကိုယ်စားလှယ်များအား အောက်တိုဘာလ (၂၂) ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် စီမံချက်များ ရေးဆွဲချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံသားဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားအခွင့်အရေး နစ်နာဆုံးရှုံးမှုမရှိစေရေး အလေးထား စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားဆိုင်ရာ မည်သည့်ကတ်ပြားမျှ ရရှိကိုင်ဆောင်ထားခြင်းမရှိသူများအနေဖြင့် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ကို ကိုင်ဆောင်ကြရန်နှင့် နိုင်ငံသားဖြစ်မှုအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်လျှောက်ထားကြရန်လိုအပ်ပါကြောင်း၊ ယခုအခါ နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းများသည် အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စွာ ပြုစုနိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခုအခါ e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူတစ်ဦးချင်းစီ၏ Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုတက်ရောက်လာကြသူများအနေဖြင့် မိမိသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းများတွင်လည်းကောင်း သန်းခေါင်စာရင်းကောက်ယူရန် ကျန်ရှိနေသူများ၊ Unique ID နံပါတ်ရရှိခြင်းမရှိသေးသူများအား မိမိတို့ဌာနဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အသိပေးတိုက်တွန်းနှိုးဆော်ပေးစေလိုပါကြောင်း၊ ယခုလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်အတွက်အရေးကြီးသည့်လုပ်ငန်းစဉ်များဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲများ မလိုအပ်ဘဲ ကြန့်ကြာနေမှုများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန်နှင့် လိုအပ်ချက်များအပေါ် ဥပဒေနှင့်အညီ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် လူမျိုးပေါင်းစုံ/ ဘာသာပေါင်းစုံကိုယ်စားလှယ်များက သက်ဆိုင်ရာအဖွဲ့ မိသားစုဝင်များအတွက် နိုင်ငံသားဆိုင်ရာကိုင်ဆောင်ကတ်ပြားရရှိရေး အတွက်တင်ပြလျှောက်ထားမှုများ၊ ကိုယ်ရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများတင်ပြရာတွင် တွေ့ကြုံရသည့်အခက်အခဲများနှင့် ဖြေလျော့ပေးနိုင်ရေးအခြေအနေများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားများ စိစစ်ထုတ်ပေး ဆောင်ရွက်နိုင်ရေးအခြေအနေများ၊ သန်းခေါင်စာရင်းကောက်ယူရေးနှင့် Unique ID နံပါတ်ရရှိရေးအတွက် အသိပေးဆောင်ရွက်သွားမည့်အခြေအနေများ၊ လိုအပ်ချက်များနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများအပေါ် ဖြေရှင်းနိုင်မည့်နည်းလမ်းများအား ဝန်ကြီးဌာနသို့ ဆက်သွယ်ညှိနှိုင်း တင်ပြဆောင်ရွက်သွားမည့်အခြေအနေများနှင့် သိရှိလိုသည်များကို အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းသို့ ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းကဏ္ဍအလိုက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်နိုင်ရေးနှင့် ကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများအဆင်ပြေမြန်ဆန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။