ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင် အထည်ဖော်ရေးဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးသူများအား လူတွေ့ မေးမြန်းအကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တစ်ဦးချင်း တွေ့ဆုံကာ တည်ဆဲဥပဒေများနှင့်အညီနေထိုင်နိုင်ရေးဆွေးနွေးမှာကြား။

ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင် အထည်ဖော်ရေးဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးသူများအား လူတွေ့ မေးမြန်းအကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တစ်ဦးချင်း တွေ့ဆုံကာ တည်ဆဲဥပဒေများနှင့်အညီနေထိုင်နိုင်ရေးဆွေးနွေးမှာကြား။

နေပြည်တော်၊ အောက်တိုဘာ ၃၁ ။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို အောက်တိုဘာလ ၃၁ ရက်၊ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်းအကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူတွေ့မေးမြန်း အကဲဖြတ်ခြင်းမဆောင်ရွက်မီ ဗဟိုကော်မတီဝင်များအားတွေ့ဆုံကာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (Permanent Residence System-PR System) ကျင့်သုံးနိုင်ရေး အတွက်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများနှင့် ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်မှု၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) ကို နည်းဥပဒေထုတ်ပြန်ပြဋ္ဌာန်း၍ အမျိုးအစား (၄) မျိုး သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးနေမှု၊ စတင်ဆောင်ရွက်ချိန်မှ လက်ရှိအခြေအနေအထိ မိသားစုအပါအဝင် လျှောက်ထားသူစုစုပေါင်း (၈၁၀) ဦးရှိပြီး မိသားစုအပါအဝင် (၆၉၉) ဦးအား စိစစ်အတည်ပြုခွင့်ပြုပေးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် လူတွေ့မေးမြန်းအကဲဖြတ်ရန် ကျန်ရှိနေသူများနှင့် ပြီးခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးမှ စိစစ်ခွင့်ပြုသူများအနက် ယခုလူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့်သူ မိသားစုမပါ စုစုပေါင်း (၃၃) ဦးအား PR နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်မေးမြန်းအကဲဖြတ်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးသည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် PR နည်းဥပဒေအပေါ် သိရှိနားလည်လိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ်အတည်ပြုဆုံးဖြတ်ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် (PR System) ဖြင့် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံလိုသည့်စီးပွားရေးလုပ်ငန်းရှင်၊ အခြားနိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသားဟောင်း၊ မြန်မာနိုင်ငံသားနှင့်သွေးချင်းစပ်ဆက်သူ နိုင်ငံခြားသားဟူ၍ အမျိုးအစား (၄) မျိုး သတ်မှတ်ခွင့်ပြုပေးလျက်ရှိရာ ယခုအစည်းအဝေးတွင် ယခင်ကျန်ရှိသူ မိသားစုမပါ (၃၃) ဦးနှင့် ပြီးခဲ့သည့်အစည်းအဝေးမှ မိသားစုမပါ (၃၇) ဦး၊ စုစုပေါင်း (၇၀) ဦး အနက် လူတွေ့စစ်ဆေးခြင်း ခံယူရန် အကြောင်းပြန်ကြားသူ မိသားစုမပါ (၃၃) ဦးအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်ခဲ့ကြပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။