
မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး နှင့် တရားမဝင် ဝင်/ထွက်သွားလာမှု လျော့နည်းပပျောက်ရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး စသည့်ရည်ရွယ်ချက်များဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အဖွဲ့ဝင် များနှင့်အတူ နိုဝင်ဘာလ (၁၄) ရက်မှ (၁၈) ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ် သဘောလေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ(၁၄)ရက်နှင့် (၁၅)ရက်တို့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရှန်ကျန်းမြို့၌လည်းကောင်း၊ နိုဝင်ဘာလ(၁၆)ရက်နှင့် (၁၇)ရက်တို့တွင် ပေကျင်းမြို့ ၌လည်းကောင်း အလုပ်သဘောလေ့လာရေးခရီးစဉ်သွားရောက်ခဲ့ရာ နိုဝင်ဘာလ (၁၇) ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. WANG Zhizhong နှင့် အဖွဲ့အား ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနချုပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ကြ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေး ဒုတိယဝန်ကြီးနှင့်အတူ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနချုပ် ဒုတိယ ဌာနချုပ်မှူး Mr. LIU Haitao နှင့် အဖွဲ့တို့ တက်ရောက်ကြပြီး မြန်မာ-တရုတ် နှစ်နိုင်င နယ်စပ်ဂိတ်များ၌ လူဝင်မှုစစ်ဆေးရေးစနစ်များ အဆင့်မြှင့်တင်နိုင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်များမှ တရားဝင် ဝင်/ထွက် သွားလာမှုရှိစေရေးနှင့် တရားမဝင် ဝင်/ထွက်မှု မရှိစေရေးတို့အတွက် အပြန်အလှန်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားမှုလုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် အပြန်အလှန် ဝင်ထွက်သွားလာမှုများ အဆင်ပြေချောမွေ့စေရေးအတွက် တွေ့ဆုံညှိနှိုင်းမှုများဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲရေးအတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း များ အပြန်အလှန်ယုံကြည် နားလည်မှုဖြင့် လက်တွေ့ကျသော ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ထို့နောက် တရုတ်နိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား များအား ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့်ပတ်သက်၍ မြန်မာ-တရုတ် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံဘက် မှ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တရုတ်နိုင်ငံဘက်မှ ဒုတိယဝန်ကြီး Mr. WANG Zhizhong တို့ ရှေ့မှောက်၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် အမျိုးသားလူဝင်မှုကြီးကြပ်ရေးဌာနချုပ် (NIA)မှ ဒုတိယဌာနချုပ်မှူး Mr. LIU Haitao တို့သည် နားလည်မှုစာချွန်လွှာ (MoU) အား လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးက ပေကျင်းဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
နိုဝင်ဘာလ (၁၈) ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေကျင်း မြို့တော်၊ ပေါင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ကွမ်ကျိုးမြို့ ဘိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာရာ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည် ရောက်ရှိကြကြောင်း သတင်းရရှိသည်။




