
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၅ ရက်၊ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့သို့သွားရောက်၍ ဧရာမင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျက်စီး/ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရရှိသေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက် ပေးနေမှုကို ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေးအတွက် လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း ဆွေးနွေးပြီး ဝန်ထမ်းများက ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီစိစစ်၍ One Stop Service ဖြင့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက် ထုတ်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးလုပ်ငန်း ပိုမိုထိရောက် လျှင်မြန်စွာ စိစစ်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်မှဖွဲ့စည်းထားသည့် (၅)ဦးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ကြည့်ရှုအားပေးကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အတွင်း အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသူများ မကျန်ရှိစေရေး တာဝန်ရှိသူများ နှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးနှင့် မှားယွင်းမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက် ပေးကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်ပြည်သူများထံ တစ်ဦးချင်း ပေးအပ်ပြီးနောက် ပန်းခင်းစီမံချက် အဆင့်(၃)ဆောင်ရွက်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား စားသောက်ဖွယ်ရာများကို အသီးသီး ပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်အခွင့်အရေးဆုံးရှုံးမှုမရှိစေရေးတို့အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်းဆောင်ရွက်ပေး လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ် ရရှိပြီးသူများအား Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်းထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။




