ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီး၏ မဲဆန္ဒရှင်စာရင်းတိကျ မှန်ကန်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှု ကြည့်ရှုအားပေးကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကောက်မတီဝင်များအား တွေ့ဆုံအမှာစကားပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်းဒေသကြီး၏ မဲဆန္ဒရှင်စာရင်းတိကျ မှန်ကန်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ တိုက်ဆိုင်စိစစ်ဆောင်ရွက်နေမှု ကြည့်ရှုအားပေးကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကောက်မတီဝင်များအား တွေ့ဆုံအမှာစကားပြောကြား။

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဲခူးတိုင်းဒေသကြီး မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၈ ရက်၊ ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့စုပေါင်းခန်းမ၌ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ဝန်ထမ်းများစုပေါင်း၍ မဲဆန္ဒရှင်စာရင်း ပိုမိုတိကျ မှန်ကန်စေရန် ဒေသပြောင်းရွေ့ နေထိုင်မှုများ၊ သေဆုံးသူများ၊ အခြားသောအကြောင်းများကြောင့် မဲစာရင်းတွင် ရွေးကောက်ပွဲဥပဒေ အရ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ မဲစာရင်း မှန်ကန် ရေးအတွက် အဓိကဆောင်ရွက်နေသည့် အဖွဲ့အစည်းများအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် စားသောက် ဖွယ်ရာများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်းမြေပြင် ကွင်းဆင်းလူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ခဲ့ပြီး e-ID Server အတွင်း  စိစစ်ထည့်သွင်းကာအတည်ပြု လူဦးရေစာရင်းများကို အဆင့်ဆင့် ပြုစုခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစာရင်းများကို(၆)ကြိမ်တိတိ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်မှ ထပ်မံတိုက်ဆိုင်စစ်ဆေး၍သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုးကာ ကြီးကြပ်မှုဗဟိုကော်မတီသို့ ပေးပို့ခဲ့ပြီး ဗဟိုကော်မတီမှလည်း ပြန်လည်စိစစ်အတည်ပြုကာ အထက်အဆင့်ဆင့်သို့တင်ပြ အတည်ပြုချက်ရယူ၍ မဲဆန္ဒရှင်စာရင်း ပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့ပါကြောင်း ယင်းအတည်ပြုစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS စနစ်ဖြင့်ပြန်လည် စိစစ်အတည်ပြု၍ မဲစာရင်းပြုစုကာ (၂)ကြိမ်တိုင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော်လည်းအကြောင်းမျိုးမျိုးကြောင့် နေရာဒေသတစ်ချို့၌ မဲစာရင်းအနည်းငယ် ကွဲလွဲနိုင်ပါကြောင်း၊ သို့ဖြစ်၍ သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းကာ ပိုမိုတိကျ မှန်ကန်သော မဲစာရင်းဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ကွဲလွဲမှုများ ဖြစ်ပေါ်ရခြင်းမှာ နေရာဒေသအလိုက် ပြောင်းဝင်/ပြောင်းထွက်၊ သေဆုံးသူများ အခြားသော အကြောင်းများကြောင့် ဖြစ်ပေါ်မှုများအပေါ် ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ပုံစံများဖြင့် ပြန်လည်လျှောက်ထားမှုများအား သက်ဆိုင်ရာဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ဖြည့်သွင်း၊ ပယ်ဖျက်၊ ပြင်ဆင်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထပ်မံထုတ်ပြန်မည့် မဲစာရင်းပိုမိုတိကျမှန်ကန်စေရေးအတွက် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ် မှုကော်မတီမှသည် ခရိုင်/တိုင်းအဆင့်ကော်မတီအဆင့်ဆင့်မှ အဖွဲ့စုံဖြင့် မဲစာရင်းမထုတ်ပြန်မီ အသေးစိတ် တိုက်ဆိုင်စစ်ဆေး အတည်ပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါဝင်၍ မဲပေးပိုင်ခွင့် အခွင့်အရေး ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အား အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်း (၂) ကြိမ် ထုတ်ပြန်ခဲ့မှုနှင့်ပြည့်စုံမှန်ကန်ရေးအတွက် ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်နိုင်ရေး အခြေအနေ၊ ပိုမိုတိကျမှန်ကန်သော မဲစာရင်းဖြစ်စေရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က မဲစာရင်းတိကျ မှန်ကန်စေရေးနှင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံမှုရှိစေရေး သက်ဆိုင်ရာ ဆက်စပ်အဖွဲ့အစည်းများနှင့် ပေါင်းစပ် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအေးလှိုင်က ဒုတိယအကြိမ် ထုတ်ပြန်ခဲ့သည့် မဲစာရင်းအခြေအနေနှင့် ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က ပဲခူးတိုင်း ဒေသကြီး၏မဲစာရင်း တိကျမှန်ကန်ရေးအတွက် ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက မဲစာရင်းမှန်ကန်စေရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်စည်းဆောင်ရွက်ပေးပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးမဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပါရှိရေး၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် တက်ညီလက်ညီကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

ယင်းနေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ သွားရောက်၍ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများအား တွေ့ဆုံကာ မဲဆန္ဒရှင်များအားလုံး မဲစာရင်းတွင်ပါရှိရေး၊ မဲစာရင်းတိကျမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးလုပ်ငန်းစဉ်များအား ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရေးမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။