ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ကျဝန်ထမ်း များအား တွေ့ဆုံကာ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ အလေးထား ဂရုပြုဆောင်ရွက်ရန် မှာကြား ။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းလုပ်ငန်းများ ဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ကျဝန်ထမ်း များအား တွေ့ဆုံကာ လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများ အလေးထား ဂရုပြုဆောင်ရွက်ရန် မှာကြား ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများနှင့် အတူ ဒီဇင်ဘာလ (၇) ရက်၊ ယနေမွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း စနစ်တကျ ထိန်းသိမ်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ ပြည်ပဆိုက်ရောက် ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကိုလည်းကောင်း၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေး ခွင့်ပြုဆောင်ရွက်သည့် ကောင်တာကိုလည်းကောင်း၊ ပြည်ပနိုင်ငံအသီးသီးမှ မည်သူမည်ဝါ ဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)ဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာ နိုင်ငံသားများအား မည်သည့်အထောက်အထားမျှ မတင်ပြနိုင်ပါက နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေး၍ NV Card ရရှိပြီးသူများနှင့် နိုင်ငံသားကတ်ပြား တင်ပြနိုင်သူများအား Bographic/Biometric ကောက်ယူပြီး Unique ID နံပါတ် ထုတ်ပေးမှုအခြေအနေများ ကိုလည်းကောင်း  လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်   CIP Lounge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံရာ ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လေဆိပ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်၍ လူဝင်မှုစစ်ဆေးရေးဆိုင်ရာလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး အခြေအနေကိုရှင်းလင်းတင်ပြပြီး  လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်အောင်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်၊ ထွက်ခွာလျက်ရှိသည့် ပြည်တွင်း၊ ပြည်ပ လေကြောင်းလိုင်းများအခြေအနေနှင့် လက်ရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်အခြေအနေများကို ရှင်းတင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းအခက်အခဲများကိုမေးမြန်း၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်အနေဖြင့် ပြည်တွင်း/ပြည်ပလေကြောင်းလိုင်းများ ဆိုက်ရောက်/ ထွက်ခွာမှုအများဆုံးဖြစ်သည်နှင့်အညီ ခရီးသည်ဝင်ထွက်မှုများပြားပါကြောင်း၊ လေဆိပ်တာဝန်ကျ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှုတို့ကို အလေးထားကြရန်လိုကြောင်း၊ ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်နှင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုမရှိစေရေး ဂရုပြုဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများ၏ ပြုမူဆောင်ရွက်မှုများသည် ဌာန၏ ပုံရိပ်ဖြစ်သကဲ့သို့ နိုင်ငံခြားသားခရီးသည်များအတွက် နိုင်ငံတော်၏ ပုံရိပ်ဖြစ်သည်ကို သိရှိနားလည်ကာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်းများအဆင်ပြေချောမွေ့စွာဖြင့် ထိရောက်သောဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကို အလေးထားဂရုပြုစိစစ်ဆောင်ရွက်ကြရန်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် လာရောက်ကြမည့် နိုင်ငံခြားသားများ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရန် တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြေမပြတ် ကြပ်မတ်ဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တာဝန်ရှိသူ အဆင့်ဆင့်သို့ သတင်းပို့ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊  ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်နှင့်  လုံခြုံရေးသတိအမြဲရှိပြီး ဆက်စပ် ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ရှင်းလင်း မှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။