ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့် (၃) ဆောင်ရွက်နေမှုကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်အဆင့် (၃) ဆောင်ရွက်နေမှုကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ  ဒီဇင်ဘာလ ၁၀ ရက်၊  ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့ရှိ ရွှေသာလျောင်းဘုရားကြီးသို့ သွားရောက်၍ ရွှေသာလျောင်းရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ အလှူငွေများကို ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဌထံ ပေးအပ်   လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေသာလျောင်းဘုရားကြီးတန်ဆောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း ဆွေးနွေးကာ ဝန်ထမ်းများက ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရရှိရေးအတွက် ဥပဒေနှင့်အညီ စိစစ်ကာ One Stop Service ဖြင့် လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားကတ်ပြား ရရှိပြီးသူ များအား e-ID စနစ်ဖြင့် Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် One Stop Service ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Unique ID ကတ်ပြားများကို  သက်ဆိုင်ရာ ကာယကံရှင် တစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို မြို့နယ်ဦးစီးမှူးထံ ထောက်ပံ့ပေးအပ်၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့ မြကန်သာရပ်ကွက်ရှိ မေတ္တာမွန် ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှတာဝန်ရှိသူများနှင့် အဘိုးအဘွားများအား တွေ့ဆုံကာ အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်ရေး နှင့် မဲစာရင်းတွင် အမည်စာရင်းပါရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင် အမည်စာရင်းပျောက်ဆုံး/ပျက်စီးပါက မိတ္တူလျှောက်ထားရယူကိုင်ဆောင်နိုင်ရေး၊ လူတစ်ဦးချင်း၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှုနှင့် အဘိုးအဘွားများ UID နံပါတ်ထုတ်ပေးနိုင်ရေးအခြေအနေ၊ အဘိုးအဘွား များ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအခြေအနေ များကို လိုက်လံကြည့်ရှုမေးမြန်းကာ အလှူငွေနှင့် စားသောက်ဖွယ်ရာများကို အဘိုးအဘွား တစ်ဦးချင်းထံ လိုက်လံဝေငှ လှူဒါန်းပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဘိုးအဘွားများအား ရှိခိုးကန်တော့ပြီးနောက် ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများအား ရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများ ကိုထောက်ပံ့ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ရုံးသို့ သွားရောက်၍ စစ်မှုထမ်းဟောင်းများအားတွေ့ဆုံ၍ လက်ရှိ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရေး ဆောင်ရွက်ခဲ့မှု၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေမှု၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအနေဖြင့်  နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးနှင့် မဲပေးနိုင်ရေးအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ပျောက်ဆုံး/ ပျက်စီးမှုများအား သက်ဆိုင်ရာလဝကရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာပစ္စည်းများနှင့် ဆိုလာမီးများကို ထောက်ပံ့ပေးအပ်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။