
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၁၁ ရက်၊ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ရှိဗောဓိကျောင်းတိုက်သို့ သွားရောက်၍ မြို့နယ်သံဃနာယက အဖွဲ့ ဥက္ကဌဆရာတော်ဘဒ္ဒန္တကောဏ္ဍညအမှူးပြုသော ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျှောက်ထား၍ လှူဘွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရား နာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့ရှိ ဆည်မြောင်းဧည့်ရိပ်သာခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများအားတွေ့ဆုံ၍ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးဆောင်ရွက်မှု အခြည်အနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လပွတ္တာမြို့၊(၃)မိုင်ရပ်ကွက်ရှိ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ရုံးသို့ သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံသား အခွင့်အရေးမဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက် ရန်လိုအပ်မှု၊ ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပြားပျက်စီး/ပျောက်ဆုံးသူများအနေဖြင့် သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ဆက်သွယ် လျှောက်ထား ရယူနိုင်ရေးအခြေအနေ၊ နိုင်ငံသားကတ်ပြား ရရှိကိုင်ဆောင်ထားသူများ အနေဖြင့်လည်း Unique ID နံပါတ်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာ ပစ္စည်းများကို လိုက်လံဝေငှ ပေးအပ်ပြီး မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးအတွက် ဆိုလာမီးများကို တာဝန်ရှိသူများထံ ပေးအပ်ပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများ၏ရုံးလုပ်ငန်းဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လပွတ္တာမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီး/လဲလှယ် မှုအတွက် မိတ္တူဆောင်ရွက်ပေးပြီး Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက်နေမှု၊ ရုံးစာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ မှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ရုံးပတ်ဝန်းကျင်သန့်ရှင်းသပ်ယပ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများလုံခြုံရေးအသိ၊ လုံခြုံရေးသတိ ရှိစေရေးနှင့်ရုံးသုံး ပစ္စည်းများ၊ စာရွက်စာတမ်းများ ပျက်စီး/ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းရေး၊ မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးမှာကြားကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ နှင့်ရုံးများတွင် အသုံးပြုရန် ဆိုလာမီးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




