
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၂၃ ရက်၊ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီ တိုင်းဒေသကြီး၊ ဝါးခယ်မမြို့ရှိ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများနှင့် ဘိုးဘွားများအားတွေ့ဆုံကာ အဘိုးအဘွားများအနေဖြင့် မကြာမီကျင်းပတော့ မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေး၊ နိုင်ငံသားကတ်ပြား ပျောက်ဆုံး/ပျက်စီးပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ ပြန်လည်လျှောက်ထားရယူကိုင်ဆောင်နိုင်ရေး အဘိုးအဘွားများ၏ Biographic/Biometric ကောက်ယူကာ Unique ID နံပါတ် ဆောင်ရွက် ထုတ်ပေးနိုင်ရေး၊ အဘိုးအဘွားများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုက်လံကြည့်ရှုမေးမြန်းကာ အလှူငွေနှင့် စားသောက်ဖွယ်ရာများကို အဘိုးအဘွားတစ်ဦးချင်းထံ လိုက်လံဝေငှပေးအပ်လှူဒါန်းသည်။
ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် အဘိုးအဘွားများအား ရှိခိုးကန်တော့ပြီးနောက် ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများအား ဘိုးဘွားရိပ်သာအတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းကာ အဘိုးအဘွားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ရုံးသို့ သွားရောက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တွေ့ဆုံကာ လက်ရှိနိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ မကြာမီကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းက ကြိုးပမ်းဆောင်ရွက်နိုင်ရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် ကတ်ပြား ပျောက်ဆုံး/ ပျက်စီးပါက သက်ဆိုင်ရာလဝကရုံးသို့ ဆက်သွယ်လျှောက်ထားဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက်ပြည်ထောင်စုဝန်ကြီးသည် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက် ဖွယ်ရာပစ္စည်းများ လိုက်လံ့ဝေငှပေးအပ်ပြီး တာဝန်ရှိသူများအား စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အတွက် ဆိုလာမီးများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား ထောက်ပံ့ပေးအပ်၍ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဝါးခယ်မမြို့ ၊ မဟာဓမ္မိကာရုံကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဓမ္မာစရီယ ဘဒ္ဒန္တဉာဏီန္ဒ အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ကြီးအား နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းတိုက်ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာမှ လူငယ်လေးများအနက် အသက်ပြည့်မီသူ လူငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး ပရဟိတဂေဟာမှ လူငယ်လေများအား မုန့်များဝေငှ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။




