
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ၊ အလှူရှင်များနှင့်အတူ ဇန်နဝါရီလ ၈ ရက်၊နံနက် (၅) နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ရှိ မိုးညိုပရိယတ္တိစာသင်တိုက်၌ ကျင်းပသည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ(၁၀၀၀) ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာ အခမ်အနားသို့ တက်ရောက်ရာ ရှေးဦးစွာနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ဓဝါစကပဏ္ဍိတ၊ မိုးညိုပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီးများ နှင့်စာချ၊စာသင် သံဃာတော်များကပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတု တော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင် လှူပူဇော်ကြသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်မိသားစုတို့က စာချ၊စာသင် သံဃာတော်များအား သင်္ကန်း နှင့် ဝထ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဧည့်ပရိသတ်များ သည် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မိုးညိုပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာ တော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇယ် ချီးမြင့်တော်မှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီး များအား သင်္ကန်းနှင့်လှူဖွယ်ဝထ္ထု ပစ္စည်းများဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်ကြီးက အနုမောဒနာတရားချီးမြှင့်တော်မူရာ ပြည်ထောင်စုဝန်ကြီးနှင့် အလှူရှင်များက လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋထု သုံးကြိမ်ရွတ်ဆို ဆုတောင်း ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အလှူရှင်များက ဆရာတော်ကြီးများနှင့် စာသင် တိုက်ရှိ စာချ၊စာသင် သံဃာတော်များအား အာရုံဆွမ်းဆက်ကပ် လှူဒါန်းကြကြောင်းနှင့် အဆိုပါ အခမ်းအနားတွင်အလှူရှင်များ လှူဒါန်းသော ဗုဒ္ဓဘိသေကအနေကဇာတင် လှူဒါန်းပူဇော်ပြီး ဖြစ်သည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွား ဆင်းတုတော်များအား မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပူဇော်လိုသူပြည်သူများအား ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။




