
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်း အကျိုးဖြစ်ထွန်းစေမည့် ဌာန၏ ဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၅)ရက် ယနေ့နံနက်(၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန် ဦးမင်းဟိန်းနှင့် ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့်ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံတွင် မကြာသေးမီက လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီး ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မဲစာရင်းမှန်ကန်စေရေး အတွက် အထောက်အကူပြုစေရန် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ e-ID Server အတွင်းရှိ အချက်အလက် များနှင့် တိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းစသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိကာလများ တွင် နိုင်ငံခြားသားများ ပြည်ဝင်ဗီဇာလွယ်ကူစေရေးနှင့် နိုင်ငံခြားသားကြီးကြပ် ထိန်းသိမ်းရေး လုပ်ငန်းများ၊ အမည်မည်းစာရင်း(Black List)စနစ်တကျ စိစစ်ထိန်းသိမ်းဆောင်ရွက်ရေး၊ ကျားဖြန့် ကဲ့သို့ Online ငွေကြေးလိမ်လည်မှုတွင် ပတ်သက်ဆက်နွယ်သဖြင့် ဖမ်းဆီးရမိနိုင်ငံခြားသားများ ပြစ်ဒဏ်ချမှတ်ထိန်းသိမ်းဆောင်ရွက်ရေးနှင့် ပြည်ပမှဖမ်းဆီးရမိ မြန်မာနိုင်ငံသားများ ပြန်လည် လွှဲပြောင်းလက်ခံနိုင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားလုပ်ငန်းအနေဖြင့် ပြီးခဲ့သည့်ကာလများတွင်နိုင်ငံအတွင်း နေထိုင် လျက်ရှိကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားများနှင့် အသက် (၁၀) နှစ်ပြည့်နှင့် ပျောက်ပျက်၊ လဲလှယ်မိတ္တူလျှောက်ထားသူများအပါအဝင် ပန်းခင်းစီမံချက်ဖြင့် စုစုပေါင်းလူဦးရေ (၁၁) သန်းကျော် ကို နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ မဲစာရင်းတွင် အခြေခံ အသုံးပြုမည့် အတည်ပြုလူဦးရေစာရင်းကို ပြုစုထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းခြင်း လုပ်ငန်းအနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ထုတ်ပြန်ပေး ခဲ့ပြီးဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အခြေခံအသုံးပြုနိုင်မည့် သန်းခေါင်စာရင်း ဆိုင်ရာ အစီရင်ခံစာများကိုလည်း ဆက်လက်ထုတ်ပြန်ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ e-ID စနစ်ဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား Biographic နှင့် Biometric Data များ ကောက်ယူပြီး Unique ID နံပါတ်တစ်ခုစီပေးသည့်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ (၁၃ သန်းကျော်) ကို UID နံပါတ်ထုတ်ပေးဆောင်ရွက် ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာန၏ အဓိကလုပ်ငန်းတာဝန်များသည် ပြည်သူကို အလုပ်အကျွေးပြု၊ ပြည်သူများ၏ လိုအပ်ချက်ကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝန်ဆောင်မှုပေး ရသည့်လုပ်ငန်း များဖြစ်ပြီး လက်ရှိတွင်လည်း ပြည်သူများအတွက် ထိရောက်သည့်ဝန်ဆောင်မှုများ ဆောင်ရွက်ပေး နေသကဲ့သို့ မကြာမီဖြစ်ပေါ်လာမည့် အစိုးရသစ်လက်ထက်တွင် နိုင်ငံနှင့်ပြည်သူအတွက် ချက်ချင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမယ့် ဦးစားပေးလုပ်ငန်းများကိုလည်း စီမံချက်များရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်ရန်အတွက် ယခု အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် လက်ရှိလုပ်ငန်းစဉ်တစ်ခုချင်းအပေါ် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ တွေ့ကြုံနိုင်သည့် အခက်အခဲများအပေါ် ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန်နှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်ရှိလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အခြေအနေများ၊ ဌာနနှင့်ပတ်သက်၍ ပြည်သူများ၏ လိုအပ်ချက်အပေါ် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများအပေါ် လက်ငင်းဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့်အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ဒုတိယဝန်ကြီး ဦးဌေးလှိုင်က လိုအပ်ချက်များ ကို ဖြည့်စွက်ဆွေးနွေးတင်ပြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိုင်ငံနှင့်ပြည်သူအတွက် လက်ငင်းအကျိုးဖြစ်ထွန်းမည့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်သည်နှင့်အညီ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးအောင်မြင်ရေးအတွက် ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်း ရရှိသည်။




