ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး ဆွေးနွေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ခြင်းဆောင်ရွက်၊ လျှောက်ထားသူများအား တည်ဆဲဥပဒေများနှင့်အညီ နေထိုင်နိုင်ရေး ဆွေးနွေးမှာကြား။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများနှင့် ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ဇွန်လ ၂၄ ရက်၊ နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနအသီးသီးမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်းအကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက် ကြသည်။

ရှေးဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူတွေ့မေးမြန်း အကဲဖြတ်ခြင်းမဆောင်ရွက်မီ ဗဟိုကော်မတီဝင်များအားတွေ့ဆုံ၍အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းက ပူးပေါင်းပါဝင်လိုကြပြီး နိုင်ငံ၏အကျိုးအတွက် နိုင်ငံတော်အစိုးရနှင့် ရေရှည်လက်တွဲဆောင်ရွက်လိုကြသည့် ကျွမ်းကျင်ပညာရှင်များ၊ ရင်းနှီးမြှုပ်နှံလိုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေအရ နှစ်နိုင်ငံသားခံယူခွင့်မပြုသည့်အတွက် နိုင်ငံတော်၏အကျိုး၊ မြန်မာနိုင်ငံသားများ၏ အမျိုးသားရင်ကြားစေ့ရေးနှင့် မိသားစုပြန်လည်ပေါင်းစည်းရေးတို့အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများ၊ မြန်မာနိုင်ငံသားနှင့် သွေးချင်းဆက်စပ်သည့်နိုင်ငံခြားသားများကို နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (Permanent Residence System-PR) စနစ်ဖြင့် မြန်မာနိုင်ငံတွင် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ အထောက်အပံ့တစ်ခုဖြစ်ပါကြောင်း၊ ယခုပြုလုပ်သည့် လူတွေ့အကဲဖြတ်ခြင်းအစီအစဉ်သည် PR လျှောက်ထားသူများ၏ စွမ်းဆောင်ရည်၊ ဗဟုသုတ၊ အတွေ့အကြုံ၊ မြန်မာနိုင်ငံအပေါ်ထားရှိသည့် စိတ်ရင်းစေတနာနှင့် သွေးချင်းဆက်စပ်မှုတို့ကို အနီးကပ်လေ့လာဆန်းစစ်နိုင်ရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ စိစစ်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကိုမထိခိုက်စေဘဲ တည်ဆဲဥပဒေ များကို လေးစားလိုက်နာမှုအပေါ် အခြေခံစိစစ်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကော်မတီဝင်များ အနေဖြင့် လျှောက်ထားသူများ၏ အရည်အချင်း၊ အတွေ့အကြုံနှင့် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် လိုက်လျောညီထွေပူးပေါင်း အကျိုးပြုဆောင်ရွက်နိုင်မည့်အခြေအနေများကို တိကျမှန်ကန်စွာ အကဲဖြတ်စိစစ်ပေးကြရန် လိုအပ်ပါကြောင်း၊ ယခုလူတွေ့အကဲဖြတ်ခံရမည့်သူများမှာ ပြီးခဲ့သည့် မေလ ၁၉ ရက်က ကျင်းပခဲ့သည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးတွင် စိစစ်ခွင့်ပြုခဲ့သည့် လျှောက်ထားသူ (၂၈) ဦးနှင့် မိသားစုဝင် (၈) ဦး၊ စုစုပေါင်း (၃၆) ဦးနှင့် ယခင်ဗဟိုကော်မတီအစည်းအဝေးများမှ စိစစ်ခွင့်ပြုခဲ့ပြီး လူတွေ့စစ်ဆေးမှု ခံယူရန် (၃) ကြိမ်အောက် ပျက်ကွက်သည့် လျှောက်ထားသူ (၉) ဦးနှင့် မိသားစုဝင်(၅) ဦး စုစုပေါင်း (၁၄) ဦးတို့ကို လူတွေ့စစ်ဆေးရန် ဗဟိုကော်မတီမှ ဆုံးဖြတ်ခဲ့ပါကြောင်း၊ ထို့ကြောင့် PR  အဓိက လျှောက်ထားသည့် ယခင်လူတွေ့ စစ်ဆေးမှုခံယူရန်(၃) ကြိမ်အောက် ပျက်ကွက်သူ (၉) ဦးနှင့် ပြီးခဲ့သည့် ဗဟိုအစည်းအဝေးမှ စိစစ်ပြီးသူ (၂၈) ဦး ၊ စုစုပေါင်း (၃၇) ဦးတို့အား လူတွေ့လာရောက် အစစ်ဆေးခံယူနိုင်ရေး အကြောင်းကြားခဲ့ရာ (၂၄) ဦးမှ လာရောက်စိစစ်ခံယူမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ယခုအစည်းအဝေးတွင် လူတွေ့စစ်ဆေးမှု လာရောက် ခံယူရန် အကြောင်းပြန်ကြားသည့် (၂၄) ဦးအား တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင် များအနေဖြင့် နိုင်ငံတော် ၏ အကျိုးစီးပွားဖြစ်ထွန်းမှုအပေါ် အဖက်ဖက်မှ စိစစ်သုံးသပ်အကဲဖြတ် ရွေးချယ်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူးကိုယ်စား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးဖြစ်သည့် ကျွမ်းကျင်ပညာရှင် (၁) ဦး၊ ရင်းနှီးမြှုပ်နှံသူ (၁) ဦး၊ မြန်မာနိုင်ငံသားဟောင်း(၁၅)ဦး၊ ၎င်းတို့နှင့် သွေးချင်းဆက်စပ်သည့် နိုင်ငံခြားသား (၇) ဦး စုစုပေါင်း (၂၄) ဦးအား တစ်ဦးချင်းတွေ့ဆုံကာ ၎င်းတို့၏ကိုယ်ရေးအချက်အလက်များမှ သိရှိလိုသည်များ၊ ပြဋ္ဌာန်းထားသည့် PR နည်းဥပဒေအပေါ် သိရှိနားလည်လိုက်နာဆောင်ရွက်ရေးနှင့် တည်ဆဲဥပဒေ များနှင့်အညီ နေထိုင်နိုင်ရေးအခြေအနေများကို မေးမြန်းဆွေးနွေးကြပြီး အကဲဖြတ်အတည်ပြု ခြင်း ပြန်လည်စိစစ်ရန်ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အတွက် လူတွေ့မေးမြန်းအကဲဖြတ်ခြင်းလုပ်ငန်း စိစစ်အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။