
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ နေပြည်တော်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၃၀ ရက် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (မိုးစွေ) သို့ သွားရောက်၍ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော် အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်းခန်းမအတွင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များ၊ ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှုနှင့် မြို့နယ်အဆင့် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေ၊ ဝန်ထမ်းများက အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များဝေငှပေးခဲ့ကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း လမင်းစီမံချက်ဖြင့် အသက်(၁၈)နှစ် ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်ပြားမရရှိသေးသူများ၊ ပျောက်ဆုံး/ပျက်စီးသူ များအား သက်ဆိုင်ရာမြို့နယ်ရုံးများ၌လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း၍ လည်းကောင်း နိုင်ငံတစ်ဝန်း ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိုးစွေကျေးရွာရှိ ဥတ္တရာရာမတပ်ဦးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇိတာနန္ဒ အား ဖူးမြှော် ၍ သာသနာရေးဆိုင်ရာများလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။




