
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျိုင်းတုံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀) ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါကျောင်းခန်းမအတွင်း၌ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့်အတူ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှု၊ မြို့နယ်အဆင့် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာစိစစ်ဆောင်ရွက်နေမှု၊ မြို့နယ်ရုံး ဝန်ထမ်းများက အသက်ပြည့်မီပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီစိစစ်၍ နိုင်ငံသားကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူဆောင်ရွက်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) ကာလအတွင်း လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး (One Stop Service) ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်ပြားနှင့် UID တို့ကို ကာယကံရှင်ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းထံ အသီးသီး ပေးအပ်ပြီးနောက် မြို့နယ်ရုံးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်၍ ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ ဝေငှပေးအပ်သည်။
ဇူလိုင်လ ၂၉ ရက်၊ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ်ခွဲဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် လက်ငင်းဦးစားပေး ဆောင်ရွက်ပေးရမည့်လုပ်ငန်းတစ်ခုဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူ ထုတ်ပေးခြင်းလုပ်ငန်းအား လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးမှုနှင့် ယင်းလုပ်ငန်းစဉ်အား ရက်(၁၀၀) ပြည့်ပြီးသော်လည်းစဉ်ဆက်မပြတ် ဆောင်ရွက်ပေးရန်လိုအပ်မှု၊ နယ်စပ်ဒေသ ဖြစ်သည်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြရေး၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံ၍ ပြည်သူအပေါ် ကြည်သာရွှင်ပြစွာဆက်ဆံ ဆောင်ရွက်ရေး၊ အချင်းချင်းစည်းလုံးညီညွတ်မှုရှိစေရေးတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




