
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၂၇) ရက်၊ ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မိုင်းဇင်းသို့သွားရောက်၍ အဆိုပါ ကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား/ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား နေ့ချင်းပြီးဆောင်ရွက်ပေးနေမှုနှင့် Biographic/ Boimetric ကောက်ယူပြီး UID နံပါတ် တစ်ပါတည်းထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်းထံ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များဝေငှပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူး ရုံးသို့သွားရောက်၍ အဆိုပါရုံးအစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံကာ ရည်မှန်းချက်လုပ်ငန်းတာဝန်များ အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ကြရေး ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




