
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၂၄ ရက်၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာကေတမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များ မရရှိသေးသည့် ပြည်သူများအား လမင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လုပ်ငန်းကိစ္စများ လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း၍ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အဆိုပါဝန်းအတွင်းရှိ ဗိုလ်တထောင်ခရိုင်ဦးစီးမှူးရုံးသို့ လည်းကောင်း၊ ရခိုင်ပြည်နယ်မှ ယာယီရုံးအဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ထားရှိသည့် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ဦးစီးမှူးရုံးများ ယာယီရုံးဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ သာကေတ ဂိုဒေါင်များအတွင်း အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၏ လုပ်ငန်းသုံးပုံစံများ သိုလှောင်ထားရှိမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံသားဆိုင်ရာ မှတ်တမ်း အချက်အလက်များ၊ လုပ်ငန်းသုံးပုံစံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းထားရှိရေး၊ သဘာဝဘေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ် စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေး မှာကြားပြီး တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။




