
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ့်နှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၊ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း) တို့မှ ကော်မတီဝင်များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယခင် နိုင်ငံတော်အစိုးရလက်ထက်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေစာရင်းများရရှိရန် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု နိုင်ငံတော်အစိုးရသစ်လက်ထက်တွင်လည်း ယခင်အတည်ပြုထားသည့် လူဦးရေစာရင်းနှင့် ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအလိုက်အချိန်နှင့်အမျှ ပြောင်းလဲနေသည့်လူဦးရေစာရင်းများကို စဉ်ဆက်မပြတ် ပြုစုအတည်ပြုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးနိုင်ရန် ရည်ရွယ်၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟို ကော်မတီနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စု ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နဲ့ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး (Working Group) အဖွဲ့များကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြန်လည်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါ ကြောင်း၊ လူဦးရေစာရင်းများပြုစုရာတွင် မြို့နယ်ဦးစီးမှူးရုံးများရှိ အိမ်ထောင်စုလူဦးရေစာရင်းကို အခြေခံပြုစုရသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းပါအချက်အလက်များ မှန်ကန်ရန်လိုအပ် ပါကြောင်း၊ လူဦးရေအတိုး အလျော့၊ ပြောင်းဝင်ပြောင်းထွက်၊ သေဆုံးပယ်ဖျက်စာရင်းများကို သတ်မှတ်ချက်နှင့်အညီ ကာယကံရှင်က ဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ ကော်မတီအဆင့်ဆင့် ကလည်း သက်ဆိုင်ရာရုံးများသို့ အသိပေးဆောင်ရွက်နိုင်ရေးနိုးဆော်ကာ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံသားကတ်ပြားမရရှိသေးသူများအား နိုင်ငံသားကတ်ပြား စိစစ်ထုတ်ပေးရေး၊ နိုင်ငံသားကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးရေး လုပ်ငန်းများကိုလည်း မဖြစ်မနေ တွန်းအားပေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယင်းတို့ဆောင်ရွက်နိုင်မှသာ နိုင်ငံသားကတ် အပိုကိုင်ဆောင်မှု၊ အချက်အလက်ကွဲလွဲမှု၊ ကတ်နံပါတ်ထပ်မှု၊ ကတ်အတုပြုလုပ်ကိုင်ဆောင်မှုများ မရှိတော့ဘဲ e-ID ဆိုင်ရာ ဒီဂျစ်တယ်ဝန်ဆောင်မှုများတွင် ကိုယ်ရေးအချက်အလက် မှန်မှန်ကန်ကန်ဖြင့် အသုံးပြု ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မဲစာရင်းပြုစုရာတွင်လည်း တိကျမှန်ကန်သည့် အတည်ပြုလူဦးရေ စာရင်းကို ပြုစုနိုင်မည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လဝကစသည့် ဌာန(၃)ခုမှ အဓိကပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်သော်လည်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီ အဆင့်ဆင့်က ကြပ်မတ်စိစစ်အတည်ပြု ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ကော်မတီများအနေဖြင့် သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် ဌာနအလိုက် ပါဝင်ဖွဲ့စည်းထားသည့် ကော်မတီဝင်အချင်းချင်းက အမြဲမပြတ်ညှိနှိုင်းပေါင်းစပ်ကာ အချိန်နှင့် အမျှ မှန်ကန်သည့်လူဦးရေစာရင်း အတည်ပြုပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပြည်နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့များဖွဲ့စည်းထားရှိမှုနှင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်း များ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။
ထို့နောက် တာဝန်ရှိသူများက ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်စပ်လျဉ်း၍ အသီးသီး ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌက ဖြည့်စွက်ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးအဝင်၌ ဧည့်ကြိုကောင်တာထားရှိဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလာရောက် ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများအား နှုတ်ဆက်အားပေးကာ လုပ်ငန်းဆိုင်ရာအခက်အခဲ များကိုမေးမြန်း၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆာင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက ဒေသခံ ပြည်သူများအား လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းဝင်/ပြောင်းထွက်နှင့် မွေးဖွားမှု၊ သေဆုံးမှုတို့အတွက် လူဦးရေအတိုး/အလျော့လုပ်ငန်းစဉ်များ၊ အသက်(၁၈)နှစ် ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများ၊ နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားစိစစ်ထုတ်ပေးရေးနှင့် UID ကောက်ယူမှု လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ယခင်နှစ်များက ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရုံးတွင်း ရေဝင်ရောက်နစ်မြုပ်ခဲ့သည့်အတွက် ပျက်စီးဆုံးရှုံးခဲ့သည့် ရုံးစာရွက်စာတမ်းနှင့် ကိုယ်ရေးမှတ်တမ်းများ ပြန်လည်ဆယ်တင်ထားရှိမှုနှင့် ရုံးချုပ်ရှိ မှတ်တမ်းများဖြင့် တိုက်ဆိုင်၍ အသစ်ပြန်လည်ရေးသွင်း ပြုစုဆောင်ရွက်ထားရှိမှု၊ ရုံးခန်းအတွင်း ဖိုင်တင်စင်များဖြင့် မှတ်တမ်းများ စနစ်တကျထိန်းသိမ်းထားရှိမှု အခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် တစ်ဦးချင်းထံ ပေးအပ်ကြပြီးနောက် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။




