၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား

၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြား

အရေးပေါ်အခြေအနေတွင် အမျိုးသမီးများ၊ ကလေးများနှင့် လူငယ်လူရွယ်များအတွက် လိုအပ်ချက်များကို အထူးအလေးပေးကူညီဆောင်ရွက်ကြရန်လို

          လူဦးရေဆိုင်ရာလုပ်ငန်းများကို အသိပညာပေးရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လူဦးရေ သန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ်မှစတင်ပြီး ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့သည်။ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှာ Vulnerable Populations in Emergencies ထိခိုက်လွယ်သူ၊ ဖေးမကူ၊ အရေးပေါ်ဟူက စောင့်ရှောက်ကြ ဟူ၍ ဖြစ်သည်။

          ယခုနှစ် ကမ္ဘာ့လူဦးရေနေ့တွင် အဓိကပေးလိုသည့် သတင်းအချက်အလက်မှာ အမျိုးသမီး များနှင့် မိန်းကလေးငယ်များအတွက် ဂုဏ်သိက္ခာ၊ လုံခြုံမှုနှင့် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ အချိန်တိုင်းရရှိရေးနှင့် အမျိုးသမီးတစ်ဦး၏ အသက်တစ်ချောင်းသည် မည်သည့်အချိန်၊ မည်သည့်အခြေအနေတွင်မဆို ခြွင်းချက်မရှိ တန်ဖိုးရှိနေစေရမည် ဖြစ်ကြောင်း သိရသည်။

          ၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Royal ACE ဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်၍ အမှာစကားပြောကြားသည်။

          အခမ်းအနားတွင် ဒုတိယသမ္မတက အရေးပေါ်အခြေအနေကျရောက်ချိန်များတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပိုမိုထိခိုက်နိုင်ပြီး ယင်းတို့၏အမှန်တကယ် လိုအပ်ချက်များကို လျစ်လျူရှုခံနေရပါကြောင်း၊ ယနေ့ကမ္ဘာ့လူဦးရေမှာ သန်း ၇၃၀၀ ကျော်ရှိပြီး လူဦးရေတိုးတက်မှုနှင့် အတူစိန်ခေါ်မှုများစွာ ရှိနေပါကြောင်း၊ အရေးပေါ်အခြေအနေများတွင် မျိုးဆက်ပွားကျန်းမာရေးပြဿနာများကြောင့် အမျိုးသမီးများမှာ အများဆုံးထိခိုက်ခံစားရကြောင်း၊ လေ့လာတွေ့ရှိချက်အရ အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ရသည့် လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်မှာ ကိုယ်ဝန်ရှိလာနိုင်ပြီး ၁၅ ရာခိုင်နှုန်းခန့်မှာ ရှုပ်ထွေးသည့် မျိုးဆက်ပွားကျန်းမာရေး ပြဿနာများနှင့် ကြုံတွေ့ရသည်ကို လေ့လာတွေ့ှရှိရပါကြောင်း။

          ကမ္ဘာ့နေရာ အနှံ့အပြား၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခအငြင်းပွားမှုများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် လူဦးရေသန်း ၅၀ ကျော်မှာ ၎င်းတို့၏နေအိမ်မှ ထွက်ပြေးတိမ်း ရှောင်နေကြရပါကြောင်း၊ ထွက်ပြေးတိမ်းရှောင်သည့် လူဦးရေ၏လေးပုံသုံးပုံမှာ အမျိုးသမီးများနှင့် ကလေးများပင်ဖြစ်ပြီး လာမည့်နှစ်တွင် ၇၈သန်းအထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားပါကြောင်း။

          သို့ဖြစ်၍ အရေးပေါ်အခြေအနေတွင် အမျိုးသမီးများ၊ ကလေးများနှင့်လူငယ်လူရွယ်များ အတွက် လိုအပ်ချက်များကို အထူးအလေးပေးကူညီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ခုနှစ်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ မကောက်ယူနိုင်ခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါကြောင်း။

          မြန်မာနိုင်ငံလူဦးရေ၏ ၆ဝရာခိုင်နှုန်းကျော်သည် မိခင်နှင့်ကလေးများဖြစ်သည့်အတွက် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ် အမျိုးသား ကျန်းမာရေးစီမံကိန်းတွင် ထည့်သွင်းရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနက ရရှိသည့် သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၉ သိန်းကျော်ရှိပြီး မွေးဖွားမှုပြဿနာကြောင့် သေဆုံးရသည့်မိခင် ၂၀၀၀ ကျော်ခန့်ရှိသည်ဟု သိရှိရပါကြောင်း။

          ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ တစ်နှစ်အောက်ကလေး သေဆုံးမှုနှုန်းတွင် အရှင်မွေးကလေး ၁၀၀၀ တွင် ၆၂ ဦး သေဆုံးသည့်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကိုယ်ဝန်ဆောင် မိခင်နှင့်ကလေး သေဆုံးနှုန်း မြင့်မားနေဆဲဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ၊ မိခင်နှင့်ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ကို ပိုမိုအလေးထား ဆောင်ရွက်ပေးရမည် ဆိုသည်မှာ ပေါ်လွင်ပါကြောင်း။

          ၂၀၁၃ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ၂၀၁၄ ခုနှစ်တွင် အမျိုးသားအဆင့်၊ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ၂၀၁၅ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် ထိခိုက်လွယ်သူ၊ ဖေးမကူ၊ အရေးပေါ်ဟူက စောင့်ရှောက်ကြ နှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့မှ ဆောင်ရွက် နေသောလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ဌာနေကိုယ်စားလှယ် Ms. Janet E.Jackson က ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့တို့မှ လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

          ယနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။