
သန်းခေါင်စာရင်းရလဒ်များနှင့်ပတ်သက်၍ UNFPA သတင်းထုတ်ပြန်၊ နိုင်ငံဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် အကျိုးရှိမည့်ကြီးမားသည့်အောင်မြင်မှုဟု မစ္စတာနမ်ဘီးယား ထုတ်ဖော်ချီးကျူး
လူဦးရေ ၅၁ ဒသမ ၅သန်း ရှိသော မြန်မာနိုင်ငံတွင် နှစ်ပေါင်း သုံးဆယ်အတွင်း ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှု၏ ရလဒ်များကို မေ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအခမ်းအနားကို နေပြည်တော်တွင်ပြုလုပ်ခဲ့ကာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဖွင့်လှစ်ပေးခဲ့သည်။ ယင်းသို့ မြန်မာနိုင်ငံ၏တိုင်းနှင့်ပြည်နယ် ၁၄ခုမှ ဝန်ကြီး ချုပ်များ၊ လူမျိုးစုနှင့် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတကာအလှူရှင်များ၊ ကုလသမဂ္ဂအေဂျင်စီများ၏ကိုယ်စားလှယ်များနှင့် နိုင်ငံတကာ အင်န်ဂျီအိုများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ဧည့်ပရိသတ် ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။ ထုတ် ပြန်ခဲ့သောအချက်အလက်များတွင် တိုင်းနှင့် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များရှိ လူဦးရေအရွယ်အစားနှင့် တိုးပွား မှု၊ အသက်အရွယ်နှင့် ကျား၊ မ၊ အိမ်ထောင်ရေးအခြေအ နေ၊ ရွှေ့ပြောင်းနေထိုင်မှု၊ မွေးဖွားမှုနှင့် သေဆုံးမှု၊ ပညာ ရေး၊ အလုပ်အကိုင်၊ မသန်စွမ်းအခြေအနေ၊ နေအိမ်ဆိုင် ရာ အခြေအနေများနှင့် သာယာအဆင်ပြေမှု စသော အကြောင်းအရာများကို အသေးစိတ်ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် ဗီဂျေနမ်ဘီးယားက ၂၀၁၄ ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကို နိုင်ငံ၏ဖွံ့ဖြိုးမှုနှင့် ဒီမိုကရေစီအရေး ပြုပြင်ပြောင်းလဲမှု နှစ်ခုစလုံးအပေါ် အကျိုးရှိစေမည့် ကြီးမားသည့်အောင်မြင်မှုဟု ထုတ်ဖော်ချီးကျူးသည်။ ထို့အပြင် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ အမှုဆောင်ဒါရိုက်တာ ကိုယ်စားထုတ်ပြန်သည့်ကြေ ညာချက်တွင်လည်း ယခုရလဒ်များက အစိုးရနှင့်အရပ် ဘက်အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံအတွင်းရှိမတူခြား နားမှုများနှင့် မညီမျှမှုများကိုဖြေရှင်းရာ၌ အထောက် အကူဖြစ်စေသည်ဟု ဖော်ပြသည်။ အဆိုပါပြည်လုံး ကျွတ်သန်းခေါင်စာရင်းကို မြန်မာနိုင်ငံ၏ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက UNFPA ၏ နည်းပညာအကူအညီ၊ နိုင်ငံတကာမှ အလှူရှင်များ ၏ ဘဏ္ဍာရေးအကူအညီများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ သန်းခေါင်စာရင်းကောက်ယူသည့် နှစ်ပတ်တာ ကာလအတွင်း စာရင်းကောက်သူ ၁ဝဝဝဝဝကျော်သည် နေအိမ်ပေါင်း ၁၁ သန်းနီးပါးသို့ သွားရောက်ခဲ့သည်။ ယင်းက နိုင်ငံ့လူဦးရေ ၅၁ ဒသမ ၅ သန်း၏ ၉၈ ရာ ခိုင်နှုန်းနီးပါးထံရောက်ရှိခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုသန်းခေါင်စာရင်းတွင် ထိုစဉ်ကဖြစ် ပွားခဲ့သော တင်းမာမှုများနှင့် ရိုဟင်ဂျာဟု ၎င်းတို့ကို ၎င်းတို့သုံးနှုန်းခဲ့သူများစွာကြောင့် ရခိုင်ပြည်နယ်မှ လူ တစ်သန်းကျော်မပါဝင်ခဲ့ပေ။ ထို့အပြင် ယခုထုတ်ပြန် မှုများ၌ စုစုပေါင်း နိုင်ငံ့လူဦးရေ ၅၁ ဒသမ ၅ သန်း တွင် သွားရောက်ရန်မလွယ်ကူခဲ့သည့် ရခိုင်၊ ကချင်နှင့် ကရင်ပြည်နယ်တို့ရှိ ဧရိယာများမှ ခန့်မှန်းခြေလူဦးရေ ၁ ဒသမ ၂ သန်းပါ ပါဝင်သည်ဟုသိရသည်။ ထုတ်ပြန် ကြေညာခဲ့သည့် သန်းခေါင်စာရင်းဆိုင်ရာအချက်အ လက်များသည် မြန်မာနိုင်ငံတွင် ၁၉၈၃ ခုနှစ် နောက် ဆုံးသန်းခေါင်စာရင်းထက် တိုးတက်မှုများရှိလာသည် ဆိုသည်နှင့် မြန်မာနိုင်ငံကို အိမ်နီးချင်းနိုင်ငံများနောက် တွင် ကျန်ရစ်စေခဲ့သည့် ဒေသဆိုင်ရာ ကွာခြားမှုနှင့် လူမှုအကြောင်းအရာများအပါအဝင် လက်ရှိပေါ်ပေါက် နေသည့် စိန်ခေါ်မှုများကိုပါ ဖော်ပြနေသည် စသည် ဖြင့် ဖော်ပြပါရှိသည်။




