
မကြာမီ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ များအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာ တွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရှိလူဦးရေစာရင်းကို အခြေခံပြုစုမည်
မကြာမီ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ များအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာ တွင် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းရှိလူဦးရေစာရင်းကို အခြေခံ ပြုစုုမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ရေဒီယို မိန့်ခွန်းတွင်ပြောကြားခဲ့ပါသည်။
“ အထူးသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတဲ့ ပြည်ထောင်စုဥပဒေပြုစာရင်း ဇယား(၁)နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း ဇယား(၂) တို့ရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရများအကြား အာဏာခွဲဝေမှုများကို အသက်ဝင်လာဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပထမဆုံးအာရုံစိုက် လုပ်ဆောင်ခဲ့တာက အခြေခံဥပဒေမှာပါတဲ့ ပေးထားချက်များ အကောင်အထည်ပေါ် အသက်ဝင်လာဖို့ဖြစ်ပါတယ်။ နောက်တစ်ဆင့်မှာတော့ အခြေခံဥပဒေရဲ့ ပေးထားချက်တွေကို လိုအပ်တဲ့ချိန်ညှိမှုများနဲ့ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးကြတဲ့အခါမှာဇယား(၁)နဲ့ဇယား(၂)ကိုပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံခဲ့ကြပါတယ်။ နိုင်ငံရေးပါတီများ ကလည်း ဒီကိစ္စအပေါ် အကြံပြုပြောကြားခဲ့တာတွေ ရှိပါတယ်။
ကျွန်တော်တို့တိုင်းပြည်ကို “ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု” အဖြစ် ပြောင်းလဲ တည်ဆောက်ရာမှာ အခြေခံကောင်းတွေ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဒေသခံတိုင်းရင်းသား ပြည်သူများရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့၊ မျှတမှုလည်းရှိတဲ့ ဘဏ္ဍာငွေ အခွန်အကောက်ခွဲဝေမှု၊ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေမှုတွေကို ဇယား(၁)နဲ့ ဇယား(၂) တို့မှာ ပြင်ဆင်နိုင်ဖို့ ဦးစားပေးညှိနှိုင်း လုပ်ဆောင် နေပါတယ်။
အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လက်တွေ့ဆောင်ရွက်မှုများ၊ စမ်းသပ် လုပ်ဆောင်မှုများ၊ တွေ့ဆုံဆွေးနွေးမှုများ ကနေတစ်ဆင့် ရရှိလာတဲ့ အတွေ့အကြုံများ၊ အကြံဉာဏ်များနဲ့ အချက်အလက်များကိုအခြေခံပြီး ဇယား(၁)နဲ့ ဇယား(၂) ပြင်ဆင်ဖို့ ဥပဒေကြမ်းတစ်ရပ်ကို ဇွန်လအတွင်းမှာပဲ လွှတ်တော်ထံပေးပို့တင်သွင်းသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးကဏ္ဍအတွက်သာမက အခြားသောကဏ္ဍရပ်ပေါင်းစုံအတွက် ထိရောက်စွာ အကျိုးပြုနိုင်မယ့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို မေလ ၂၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန် ကြေညာနိုင်ခဲ့ပါတယ်။ ကာလရှည်ကြာ သန်းခေါင်စာရင်း မကောက် ယူနိုင်ခဲ့တဲ့အတွက် ယခု သန်းခေါင်စာရင်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက် ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ၊ မူဝါဒများချမှတ်ဖို့ အများကြီး အသုံးဝင်ပါတယ်။ ယခင်လူဦးရေကို ခန့်မှန်းတွက်ချက်နေရတဲ့ အနေအထားကနေ ယခုသန်းခေါင်စာရင်းအရ တိတိကျကျ တွက်ချက်နိုင်လာတဲ့ အတွက် မူဝါဒ ချမှတ်မှုများ ပိုမိုထိရောက်လာမှာ ဖြစ်ပါတယ်။ ဒါသည်ပင်လျှင် ကျွန်တော်တို့နိုင်ငံအတွက် ပထမဆုံးရရှိတဲ့ ပကတိတန်ဖိုးပဲဖြစ်ပါတယ်။ မကြာမီ ကျင်းပပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ များအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာ မှာလည်း ဒီလူဦးရေစာရင်းကို အခြေခံပြုစုရမှာ ဖြစ်ပါတယ်။ ”




