၂၀၁၇ ခုနှစ်ကမ္ဘာ့လူဦးရေနေ့

၂၀၁၇ ခုနှစ်ကမ္ဘာ့လူဦးရေနေ့

ကမ္ဘာ့လူဦးရေနေ့

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်

          ၂၀၁၇ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

          အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသိန်းဆွေနှင့် ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ INGOs, NGOs များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာပြဿနာများကို အာရုံစိုက်မိလာစေရန်အတွက် ၁၉၉၀ ပြည့်နှစ်ကစပြီး ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့၏ ဆောင်ပုဒ်မှာ တိုင်းပြည်သာယာဖွံ့ဖြိုးဖို့ ကိုယ်တိုင်ပါဝင်ဆုံးဖြတ်လို့၊ မိသားစု စီမံကိန်းချမှတ်စို့ Family Planning: Empowering People, Developing Nations ဖြစ်ပါကြောင်း၊ ယခုနှစ်ဆောင်ပုဒ်၏ အဓိကဦးတည်ချက်သည် လုံခြုံစိတ်ချရသည့် မိသားစုစီမံကိန်းများကို အမျိုးသမီးများကိုယ်တိုင် လိုလိုလားလားချမှတ်ဆောင်ရွက်လာစေရေး စီမံဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း။

          ကုလသမဂ္ဂ၏ခန့်မှန်းတွက်ချက်မှုအရ ယနေ့ကမ္ဘာ့လူဦးရေသည် ၇ ဒသမ ၅ ဘီလီယံခန့် ရှိနေပြီဖြစ်ပါကြောင်း၊ ခရစ်နှစ် ၂၀၃၀ တွင် နောက်ထပ် ၁ ဘီလီယံတိုးလာပြီး ခရစ်နှစ် ၂၁၀၀ တွင် ၄ ဘီလီယံ ထပ်မံတိုးလာလိမ့်မည်ဟု ခန့်မှန်းထားကြပါကြောင်း၊ ထိုသို့ တိုးလာသည့် လူဦးရေအတွက် စားနပ်ရိက္ခာများ၊ ရေနှင့်အခြား အသုံးဝင်သယံဇာတများ ထပ်မံတိုးမြှင့် လိုအပ်လာမည်ဖြစ်ပါကြောင်း။

          မွေးဖွားနှုန်းကိုကြည့်လျှင် ၁၉၅၀ - ၁၉၅၅ ခုနှစ် ဝန်းကျင်က မိခင်တစ်ဦး၏ မွေးဖွားနှုန်းသည် ကလေး ငါးဦးနှုန်းရှိခဲ့ပြီး ၂၀၁၀ - ၂၀၁၅ ခုနှစ်တွင် ၂ ဒသမ ၅၁ ဦး နှုန်း ကျဆင်းလာသည်ကို တွေ့ရပါကြောင်း၊ ၂၀၅၀ ခုနှစ်တွင် ၂ ဒသမ ၂၅ ဦးနှုန်း ကျဆင်းလာမည်ဟု ခန့်မှန်းထားကြပါကြောင်း၊ မွေးဖွားနှုန်းကျဆင်းလာသော်လည်း ၂၀၁၅၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည် ၉ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိလာနိုင်ကြောင်းလည်း မျှော်မှန်းထားကြပါကြောင်း၊ ၂၀၅၀ ခုနှစ်တွင် ရှိလာမည့် လူဦးရေ ၉ ဒသမ ၇ ဘီလီယံကို ကြည့်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၈ ဒသမ ၄ ဘီလီယံနှင့် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် ၁ ဒသမ ၃ ဘီလီယံရှိမည်ဟုလည်း ကြိုတင်ခန့်မှန်းထားကြပါကြောင်း။

          ကလေးမွေးဖွားနှုန်း မြင့်မားလာခြင်းသည် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်စပ်နေပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ ပြည်သူများသည် အလွန်အမင်းဆင်းရဲနွမ်းပါးမှုများနှင့် ရင်ဆိုင်ကြုံတေွ့နေရဆဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကလေးမွေးဖွားနှုန်း မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရမည်ြဖစ်ပါကြောင်း၊ ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျှော့ချရန် နည်းလမ်းများစွာရှိနေသည့်အထဲမှ အထိရောက်ဆုံးနည်းလမ်းတစ်ခုသည် မိသားစုစီမံကိန်းနည်းလမ်းများကို ထိထိရောက်ရောက်အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်းပင် ဖြစ်ပါကြောင်း၊ မိသားစုစီမံကိန်းများရှိြခင်းအားဖြင့် လူ့အခွင့်အရေးများ မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်သည့်အပြင် ကျန်းမာရေး၊ ပညာရေးနှင့် ကျား၊ မ သာတူညီမျှမှုရှိရေးအပါအဝင် လူမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ ဒုတိယသမ္မတက မိသားစုစီမံကိန်း နည်းလမ်းများချမှတ်ပေးခြင်းနှင့် ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းသည်လည်း ကျန်းမာရေးနှင့် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဥ်များ၏ အဓိကရည်မှန်းချက်ပန်းတိုင်များပင် ဖြစ်ပါကြောင်း၊ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များတွင် မိသားစု စီမံကိန်းလည်းပါဝင်ကြောင်း၊ အဆိုပါ ပန်းတိုင်များကို ရောက်ရှိရန်အတွက် အမျိုးသမီးများ၏ မျိုးဆက်ပွားအခွင့်အေရးများကို နားလည်အသုံးချနိုင်စွမ်းအပေါ်တွင် လည်း မူတည်နေပါကြောင်း။

          ခေတ်မီသားဆက်ခြား နည်းလမ်းများကို ရရှိအသုံးပြုနိုင်ခဲ့မည်ဆိုပါက ကမ္ဘာတစ်ဝန်းမှ သန်း ၆၀ သော အမျိုးသမီးအနေဖြင့် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့ရသည့် ကိုယ်ဝန်ဆောင်မိခင်ပေါင်း သုံးသိန်း၏ သုံးပုံတစ်ပုံခန့်ကို လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ မိသားစု စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကမ္ဘာတစ်ဝန်းတွင် ရှိသည့် အမျိုးသမီးများနှင့် ဇနီးမောင်နှံများ၏ ကျန်းမာရေးနှင့်အခွင့်အရေးများရရှိစေရန် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ပါကြောင်း။

          သန်းပေါင်းများစွာသော အမျိုးသမီးများကို ကလေးအနည်းငယ်သာမွေးရန်၊ သင့်တင့်သည့် အသက်အရွယ်မှသာ မိသားစုဘဝကို စတင်ရန်၊ ပညာရေးဆုံးခန်းတိုင်စေရန်၊ ပိုမိုကောင်းမွန်သည့် ဘဝများကို တည်ဆောက်နိုင်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရန်စသည့် အနာဂတ်မိသားစုစီမံကိန်းများကို ၎င်းတို့ကိုယ်တိုင် လိုလိုလားလား ပါဝင်ဆောင်ရွက်လာစေရန် မိမိတို့ ကူညီပေးကြရမည် ဖြစ်ပါကြောင်း။

          ထို့ပြင် မြန်မာနိုင်ငံတွင် မိသားစုအရွယ်အစား ဘယ်ရွေ့ဘယ်မျှဖြစ်ရမည်ဟု သတ်မှတ်ထားခြင်း မရှိပါကြောင်း၊ တစ်ဦးချင်းစီ၏ ရွေးချယ်မှုပင်ြဖစ်ပါကြောင်း၊ ဇနီးမောင်နှံများ အနေဖြင့် ၎င်းတို့၏ ရင်သွေး ဦးရေကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်နိုင်ကြပါကြောင်း။

          ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၇ ခုနှစ်တွင် ၅၃ ဒသမ ၄ သန်းခန့် ရှိလာနိုင်ပါကြောင်း၊ ထိုအထဲတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား ကလေးမွေးနိုင်သည့်အရွယ်အမျိုးသမီး ၁၅ သန်းခန့် ရှိနိုင်ပါကြောင်း၊ မွေးဖွားနှုန်းနိမ့်သည့် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဥ်ပါက မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် အတန်အသင့်မြင့်မားနေဆဲဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် ကလေး ၂ ဒသမ ၅ ယောက်နှုန်း မွေးဖွားသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များကြားတွင် မွေးဖွားမှုနှုန်းသည် ကွာဟမှုမြင့်မားနေသည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ်တွင် အမျိုးသမီးတစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် ငါးယောက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ယောက်နှုန်းထက် လျော့နည်းသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

          ယေဘုယျအားဖြင့် ကလေးမွေးဖွားနှုန်းသည် သန္ဓေတားနည်းအသုံးပြုမှုနှင့် ပြောင်းပြန်အချိုးကျနေသည် ကို တွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံတွင် အိမ်ထောင်သည် အမျိုးသမီးအားလုံးနီးပါးသည် သန္ဓေတားနည်းများနှင့် ပတ်သက်သည့် ဗဟုသုတရှိကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ခေတ်မီသန္ဓေတားနည်း သုံးစွဲမှု ၅၀ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်းရောက်ရှိစေရမည်ဟု ၂၀၁၃ ခုနှစ်က ထုတ်ဖော်ပြောကြားခဲ့ပါကြောင်း၊ စစ်တမ်းများအရ ၂၀၀၇ ခုနှစ်တွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အိမ်ထောင်သည်အမျိုးသမီးများ၏ ခေတ်မီသားဆက်ခြား ဆေးဝါးသုံးစွဲမှုနှုန်းသည် ၃၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို တွေ့ရပါကြောင်း။

          မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်သည့် မိသားစုကျန်းမာရေးစီမံကိန်း ၂၀၂၀ တွင် ပါဝင်ကတိပြုထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ကြောင်းကို ပြသခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များရှိနေဆဲြဖစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးခြောက်ဦး၌ တစ်ဦးသည် သားဆက်ခြားဆေးဝါးများ သုံးချင်သော်လည်း အသုံးပြုနိုင်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း။

          ထို့ကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မျိုးဆက်ပွားကျန်းမာရေး ငါးနှစ်တာမဟာဗျူဟာ စီမံကိန်း (၂၀၁၄-၂၀၁၈) ကို ရေးဆွဲပြီး မြန်မာနိုင်ငံ၏ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဟန်ချက်ညီညီဖြင့် ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒီစီမံကိန်း၏ ရည်ရွယ်ချက်သည် သန္ဓေတားဆေး အသုံးပြုလိုသော်လည်း အသုံးမပြုနိုင်သည့်ရာခိုင်နှုန်းကို လျှော့ချရန်၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျှော့ချနိုင်ရန်နှင့် သန္ဓေတားနည်းများကို လက်လှမ်းမမီဖြစ်နေသည့် လူမှုစီးပွားအခြေအနေကွာဟမှုများကို လျှော့ချနိုင်ရန် ဖြစ်ပါကြောင်း။

          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင်  အမေရိကန်ဒေါ်လာ တစ်သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂ ဒသမ ၈သန်း သုံးစွဲပြီး ဝေးလံခေါင်ဖျားဒေသမှ ပြည်သူများနှင့် ဆင်းရဲနွမ်းပါးသူများကို မိသားစုစီမံကိန်းဆိုင်ရာ ပစ္စည်းများ ထောက်ပံ့နိုင်ခဲ့ပါကြောင်း။

          ၂၀၁၄ ခုနှစ် လူဦးရေးနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ ကလေးအရှင်တစ်သိန်းမွေးဖွားတိုင်း မိခင် ၂၈၂ ဦး သေဆုံးနေဆဲဖြစ်သည်ဟု သိရပါကြောင်း၊ ၁၉၉၀ ခုနှစ်က သားဖွားမိခင်သေနှုန်းသည် ၅၂၀ ရှိခဲ့သောကြောင်း ၂၀၁၄ ခုနှစ်တွင် တစ်ဝက်လောက် လျော့ကျခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ မိခင်နှင့်မွေးကင်းစ ကလေးသေဆုံးမှုများ၊ နာမကျန်းဖြစ်မှုများကို လျှော့ချနိုင်ရန်အတွက် မိခင်နှင့်ကလေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်နေသကဲ့သို့ တိုက်ရိုက်ဆက်စပ်နေသည့် မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်း အရည်အသွေးပိုမိုကောင်းမွန်စေရန်နှင့် လူတိုင်း လက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း၊ အလားတူ ပညာရေးဝန်းကျင်များ တွင်လည်း သင့်လျော်သည့် မျိုးဆက်ပွားပညာပေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေများပြားနေခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဤအခြေအနေကို လူဦးရေဆုလာဘ်ရရှိနေခြင်းဖြစ်သည်ဟု တင်စား၍ရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် မှီခိုသည့် လူဦးရေထက် အလုပ်လုပ်နိုင်သည့် လူဦးရေအချိုးအစား များနေပြီဆိုပါက တစ်ဦးချင်းဝင်ငွေ မြင့်မားလာမည်ဖြစ်ပါကြောင်း။

          လူဦးရေဆုလာဘ်သည် Asian tigers ဟုခေါ်သည့် နိုင်ငံများတွင်  စီးပွားရေး အလျင်အမြန် ဖွံ့ြဖိုးတိုးတက်စေသည့် အဓိကမောင်းနှင်အားတစ်ခုဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အာရှနိုင်ငံအများစုသည် ယင်းဆုလာဘ်ကို အမိအရဆုပ်ကိုင်နိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ Asian tigers များကဲ့သို့ ဖြစ်လာစေရန် မွေးနှုန်းနှင့် သေနှုန်းများ မြန်မြန်ဆန်ဆန် လျော့ကျရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး Ms. Renata Lok-Dessalien နှုတ်ခွန်းဆက်စကားပြောကြားသည်။

          ထို့နောက် 2017 ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် တိုင်းပြည်သာယာဖွံ့ဖြိုးဖို့ ကိုယ်တိုင်ပါဝင် ဆုံးဖြတ်လို့၊ မိသားစုစီမံကိန်းချမှတ်စို့"  နှင့် ပတ်သက်သည့်  Animation Video Clip ပြသခြင်းနှင့် ၂၀၁၇ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို တောင်ရွက်ကြပြီး တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်သော လူငယ်အဖွဲ့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က အမှတ်တရလက်ဆောင်များကို ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

          အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့်ဧည့်သည်တော်များသည် အဆိုပါခန်းမအတွင်း၌ ခင်းကျင်းပြသ ထားသည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းငယ်အတွင်  လှည့်လည်ကြည့်ရှုခဲ့သည်။