ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်နေမှု ကြည့်ရှု့အားပေး

ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူ များအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်နေမှု ကြည့်ရှု့အားပေး

နေပြည်တော်၊ ဒီဇင်ဘာ  ၁၁ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက်၊ ယနေ့နံနက် (၉) နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) တပ်ကုန်းမြို့နယ် ၊ အနော်ရထာရပ်ကွက်ရှိ မဟာဗောဓိဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တပ်ကုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများကရုံးပိတ်ရက်တွင် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများအား တွေ့ဆုံကာ ဝန်ကြီးဌာန မှခေတ်အဆက်ဆက် နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့မှုနှင့် ယခုပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေ၊ နိုင်ငံသားတစ်ဦးချင်းစီ၏ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် အရေးကြီးသည့် အထောက်အထားဖြစ်မှု၊ နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအထောက်အထားကတ်ပြားတစ်ခုခုဖြင့် ကိုင်ဆောင်မဲပေးနိုင်ရေးအခြေအနေ၊ ရရှိပြီးသော နိုင်ငံသား စိစစ်ရေးကတ်ပြားအား စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် တပ်ကုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နေ့ချင်းပြီးအခမဲ့ ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးတို့က ဒေသခံပြည်သူများအား အသီးသီးပေးအပ်ကြပြီးတက်ရောက်လာ ကြသူများအားကိုဗစ်-၁၉ကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်း(Masks)များ ဝေငှပေးအပ်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပရဟိတအထက်တန်းကျောင်းနာယက ၊ မဟာဗောဓိကျောင်း ဆရာတော် ဘဒ္ဒန္တဥဠုရာဇဗုဒ္ဓိအား ဖူးမြှော်ကြည်ညို၍ ဝန်ကြီးဌာနမှ ဒေသခံပြည်သူများအတွက် ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုနှင့် သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု(၃၅)ခုမှ အုပ်ချုပ်ရေးမှူးများအား တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို မိမိတို့ဌာနမှ တာဝန်ယူဆောင်ရွက် နေသော်လည်းဆက်စပ်ဌာနများအပါအဝင် ပြည်သူအားလုံးဝိုင်းဝန်းကူညီဆောင်ရွက်မှသာအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက်မရှိမဖြစ်အရေးပါမှု၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်မှုတို့အား ပြည်သူများသိရှိနားလည်နိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများသည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးအဖွဲ့တစ်ခု ဖြစ်သည်နှင့်အညီ မိမိတို့၏ရပ်ကွက်/ကျေးရွာများအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၏စာရင်းအား စနစ်တကျပြုစု၍ သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများနှင့်ချိတ်ဆက်ကာ ရှေ့ပြေးလျှောက်လွှာများ ရယူဖြည့်သွင်းခြင်း၊ ကွင်းဆင်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်အရေအတွက်အတိုင်းပြီးစီးရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် ရပ်ကွက်/ကျေးရွာအလိုက် နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူ နိုင်ငံသားများမကျန်ရှိစေရေး၊  နိုင်ငံနှင့်ပြည်သူများအကျိုးအတွက် မဖြစ်မနေဆောင်ရွက်ကြရမည့်စီမံချက် အဖြစ်သတ်မှတ်ကာ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရေး တိုက်တွန်းပါကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာ မောင်မောင်နိုင်က ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက တက်ညီလက်ညီပံ့ပိုး ကူညီဆောင်ရွက်ပေးနိုင်ရေးအခြေနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။