ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ဝေါနှင့်ပဲခူးမြို့တို့၌ကျင်းပသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ပွဲများတက်ရောက်အားပေး၊ စီမံချက်အောင်မြင်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ဝေါနှင့်ပဲခူးမြို့တို့၌ကျင်းပသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ပွဲများတက်ရောက်အားပေး၊ စီမံချက်အောင်မြင်ရေးအတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအားကျေးဇူးတင်စကားပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ  ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝေါမြို့နယ်ဦးစီးဌာနမှူးရုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက် လျာထားချက် ပြီးမြောက်အောင်မြင်ပွဲကို ဒီဇင်ဘာလ (၂၃) ရက် ယနေ့နံနက် (၉) နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့ မြို့နယ်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထိန်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း နှင့်တာဝန်ရှိသူများ၊ ဝေါမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ပြီး လက်ရှိနိုင်ငံတော်အစိုးရက နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းရယူခဲ့ရာ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အထိ (၁၈) လကြာ ဆောင်ရွက်ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃.၄၉) သန်းကျော် ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် အချို့ဒေသများတွင် လုံခြုံရေးအခြေအနေစသည့် အဟန့်အတားအခက်အခဲများကြားမှ ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော်လည်း အခြားသောဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီဆောင်ရွက်မှုနှင့် ပြည်သူများမှ လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ် သိရှိနားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်မှုများရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝတစ်လျှောက်လုံး ဆောင်ရွက်မှုတိုင်းတွင် အရေးပါသည့်ကတ်ပြားဖြစ်ပြီး နိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို နိုင်ငံတော်အစိုးရက ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏အနာဂတ်အကျိုးအတွက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် ပြည်သူများက အလွယ်တကူရရှိနေမှုအပေါ် တန်ဘိုးမထား၊ အလေးမထားမဖြစ်ကြရန်လိုအပ်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၉၅၇၆) ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၁၁၂၂၁၅) ကတ် ပြီးစီးနေပြီး ဝေါမြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂၄၈) ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ (၅၄၄၅) ကတ် (၁၀၃.၇၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ ပန်းခင်းစီမံချက်ဖြင့် လျာထားချက်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယင်းကာလအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း (၁၄၃၆) စုကိုလည်းထုတ်ပေးခဲ့ပြီး ဖြစ်သည်ကို တွေ့ရပါကြောင်း၊ ယင်းကဲ့သို့ ဝေါမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကို လျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် မိမိတို့ဌာန တစ်ခုတည်းကြောင့်မဟုတ်ဘဲ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်အဆင့်၏ ကြီးကြပ်ကွပ်ကဲမှု၊ ဆက်စပ်ဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများကြောင့်ဖြစ်ပါကြောင်း၊ ဝေါမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ကာလမပြီးဆုံးမီ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဦးဆုံးစီမံချက် လျာထားချက်ပြီးမြောက်အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယင်းကဲ့သို့ စီမံချက်အောင်မြင်စေ ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းအားလုံးကိုလည်း အထူးကျေးဇူး တင်ရှိပါကြောင်းကို ပြောကြားလိုပါကြောင်း၊ မိမိတို့ဌာန၏ လုပ်ငန်းများသည် စီမံချက်အရ လျာထားချက်ပြည့်မီသော်လည်း ပြီးဆုံးခြင်းမရှိသည့်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေး နေရသည့်လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများအနေဖြင့် နိုင်ငံနှင့်ပြည်သူအတွက် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ဆက်လက်ကြိုးပမ်းထမ်းဆောင် ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ခရိုင်နှင့် မြို့နယ်အလိုက် လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ ဝေါနှင့်ပဲခူးမြို့နယ်တို့ကဲ့သို့ ကျန်မြို့နယ်အသီးသီးသည်လည်း မြို့နယ်များအလိုက် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ဝေါမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာကိုယ်စားလှယ်များထံသို့လည်းကောင်း၊ စီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝေါမြို့နယ်ဦးစီးမှူးထံသို့လည်းကောင်း အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက နိုင်ငံတော်အစိုးရမှ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

နံနက် (၁၁) နာရီတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် ပဲခူးမြို့နယ် ဦးစီးဌာနမှူးရုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေး ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သည့်  ပန်းခင်းစီမံချက်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း လျာထားဆောင်ရွက်မှုနှင့် ယခုပဲခူးမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်အား (၁၀၅.၁၄) ရာခိုင်နှုန်းဖြင့် လျာထားချက် ပြည့်မီကျော်လွန်စွာ ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပြည်သူများပူးပေါင်းပါဝင်ကူညီဆောင်ရွက်မှုကြောင့် စီမံချက်ပြီးစီးအောင်မြင်မှု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား သည် နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်အသုံးဝင်မှုနှင့် တန်ဘိုးထားကိုင်တွယ်ထိန်းသိမ်းကြရေး အခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပဲခူးမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင်ပြည်သူများထံသို့လည်းကောင်း၊ စီမံချက်လျာထားချက် ပြီးမြောက်အောင်မြင် ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပဲခူးမြို့နယ်ဦးစီးမှူးထံသို့လည်းကောင်း အသီးသီးပေးအပ်ကြသည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ပန်းခင်းစီမံချက်ဆောင်ရွက်ပေးမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့သည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ပထမဦးဆုံးစီမံချက်လျာထားချက် ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်သည့် မြို့နယ်များဖြစ်ကြပြီ (၁၈) လကြာဆောင်ရွက်ရမည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဝေါမြို့နယ်အနေဖြင့် (၅၂၄၈) ကတ် လျာထားရာ ယခုစီမံချက်ကာလ (၇) လအတွင်း (၅၄၄၅) ကတ် (၁၀၃.၇၅) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ပဲခူးမြို့နယ်အနေဖြင့် (၉၉၀၆) ကတ် လျာထားရာ ယခုစီမံချက်ကာလ (၇) လအတွင်း (၁၀၄၁၅) ကတ် (၁၀၅.၁၄) ရာခိုင်နှုန်းဖြင့်လည်းကောင်း လျာထားချက်ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။