ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်း မှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်၊ ပြည်သူအသိပညာပေး လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အလေးထား ဆောင်ရွက်ကြရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်း မှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်၊ ပြည်သူအသိပညာပေး လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် အလေးထား ဆောင်ရွက်ကြရန်မှာကြား

နေပြည်တော်၊ ဧပြီ  ၂၅  ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲစာရင်း မှန်ကန်စေရေး ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၂၅ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက သက်ဆိုင်ရာဒေသများမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်သည် နိုင်ငံတော်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ်ချက် ပြည့်မီအောင် ဆောင်ရွက်ရမည့် စီမံချက်ဖြစ်သည်နှင့်အညီ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် (၆) ခုတွင် တိုင်းလုံးကျွတ် လျာထားချက် ပြည့်မီပြီးစီးနေပြီဖြစ်ပါကြောင်း၊ အချို့တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းနေပြီဖြစ်သော်လည်း လုံခြုံရေးဆိုင်ရာ ကန့်သတ်ချက်တစ်ချို့ရှိနေသည့်အတွက် တိုင်းလုံးကျွတ်ပြီးစီးရန် ကြန့်ကြာနေကြသည်ကို တွေ့ရပါကြောင်း၊ မည်သည့်အခက်အခဲ၊ အဟန့်အတားများရှိနေပါစေ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ လုပ်နိုင်သမျှနည်းလမ်းများရှာကြံ၍ မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြီးစီးသွားသည့် တိုင်းဒေသကြီးများသည်လည်း စာရင်းဇယား မှန်ကန်ရေးအတွက် မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးမှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံသားကတ်ထုတ်ပေးခြင်း လုပ်ငန်းသည် အစိုးရအဆက်ဆက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းဖြစ်သော်လည်း၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ် မပြုလုပ်ရသေးသူများ ကျန်ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊ ယခုကာလတွင် ပန်းခင်းစီမံချက်ဖြင့် မဖြစ်မနေဆောင်ရွက်ပေးနေခြင်းဖြစ်ရာ နိုင်ငံသားကတ် မပြုလုပ်ရသေးသူ မကျန်ရှိစေရေးအတွက် စိစစ်မှုတစ်ရပ်အဖြစ် ပြီးခဲ့သည့် ဧပြီလ (၁) ရက်မှစ၍ ပြည်သူများ သွားလာနေထိုင်ဆောင်ရွက်မှုတိုင်းတွင် နိုင်ငံသားကတ်ပါရှိမှု စစ်ဆေးသည့်လုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ စစ်ဆေးဆောင်ရွက်မည့်အကြောင်းကိုလည်း နိုင်ငံပိုင်မီဒီယာများ၊ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ပြည်သူများသို့ ကြိုတင်အသိပေးထားပြီးလည်း ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံသားကတ်မပြုလုပ်ရသေးသူ မကျန်ရှိစေရေးအတွက် အဓိကရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် တင်ပြကြသည့် ကိန်းဂဏန်းများအရ (၉၇) ရာခိုင်နှုန်းနီးပါးသည် နိုင်ငံသားကတ်ပါရှိကိုင်ဆောင်ကြကြောင်းတွေ့ရှိရပြီး နိုင်ငံသားကတ် ရှိသော်လည်း မပါလာသူများအား နောင်တွင် ပါရှိကိုင်ဆောင်ထားကြရန်နှင့် မပြုလုပ်ရသေးသူများအား သက်ဆိုင်ရာရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ရေး အသိပေးဆောင်ရွက် ပေးကြရန်လိုကြောင်း၊ ပန်းခင်းစီမံချက်သည် လုပ်ငန်းဆောင်ရွက်မှု (၁၁) လကျော် ကြာမြင့်ပြီဖြစ်ပြီး သတ်မှတ်ကာလ (၇) လခန့်သာ ကျန်ရှိနေသည့်အတွက် ယင်းကာလအတွင်း နိုင်ငံသားကတ်မရှိသူ မကျန်ရှိစေရေးနှင့် လျာထားချက်ပြည့်မီစေရေး ဖိဖိစီးစီးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်ဆောင်ရွက်မှုနှင့်အညီ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် မိမိတို့ဌာနအပါအဝင် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နည်းပညာဆိုင်ရာအဖွဲ့အစည်းများနှင့် လုပ်အားပေးကူညီ ဆောင်ရွက်ပေးသူများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ (၆၆/၆) နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ရှိ စာရင်းအချက်အလက်များအား နည်းပညာအကူအညီ၊ စက်ကိရိယာပစ္စည်းအင်အား၊ လူအင်အားတို့ဖြင့် ကွန်ပျူတာအတွင်း ဖြည့်သွင်းဆောင်ရွက်လျက်ရှိရာ ယင်းလုပ်ငန်းစဉ်ကို သတ်မှတ်ကာလအတွင်း အောင်မြင်ပြီးစီးရေးအတွက်လည်း ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မဲစာရင်းတိကျမှန်ကန်ရေးသည်လည်း နိုင်ငံတော်၏ရှေ့ခရီးအတွက် အလွန်အရေးကြီးပြီး မဖြစ်မနေဆောင်ရွက်ကြမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးက အသိတရားရှိရှိဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ နိုင်ငံတော်အဆင့်လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရင်းဖြင့် မိမိဌာန၏ ရှေ့လုပ်ငန်းစဉ်များနှင့်ဆက်စပ်ကာ အရွေ့တစ်ခုသို့ ရောက်ရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းများသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ရာ ပြည်သူများသိရှိနားလည်စေရေးအတွက် ပြည်သူအသိပညာပေးခြင်းလုပ်ငန်းကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ လုပ်နည်းလုပ်ဟန်မှန်ကန်ရေးအတွက်လည်း အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်အတူ သက်ဆိုင်ရာအာဏာပိုင်များထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လည်း အရေးကြီးပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏အနာဂတ်အတွက် ပန်းခင်းစီမံချက်လုပ်ငန်းစဉ်နှင့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လက်ရှိအခြေအနေအရ လုပ်ငန်းဆိုင်ရာကြုံတွေ့နေရသည့် အခက်အခဲများ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက ပန်းခင်းစီမံချက်လုပ်ငန်းဆောင်ရွက်မှု၊ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်-၄ မှတ်တမ်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှု၊ နယ်မြေဒေသ အလိုက် ပြည်သူများအား နိုင်ငံသားကတ်ပါရှိခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆိုင်ရာများကို ဖြည့်စွက်တင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများက တိုင်းဒေသကြီး/ပြည်နယ်အလိုက် လုပ်ငန်းဆိုင်ရာအားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ မိမိတို့ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်သည်ကို ဝန်ထမ်းအားလုံး သိရှိနားလည်စေရေးနှင့် နိုင်ငံတော်အပေါ်၊ ဌာနအပေါ် သစ္စာစောင့်သိကာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ ဆောင်ရွက်သည့် လုပ်ငန်းတိုင်း လုပ်နည်းလုပ်ဟန် မှန်ကန်စေရေးတို့အတွက် တာဝန်ရှိသူအဆင့်ဆင့်က အမြဲမပြတ်ရှင်းလင်းချပြကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။