နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးများ၊ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များ၊ NGO များ၊ သံတမန်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကမ္ဘာ့လူဦးရေ သန်း ၅၀၀၀ ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြသနာများနှင့် လူသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အစီအစဉ်များကို အာရုံစိုက်မိလာစေရန်ရည်ရွယ်၍ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားများကို နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို ၁၉၉၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်၍ ယခုဆိုလျှင် (၃၃) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း၊ ထိုသို့ကျင်းပခြင်းသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရည်မှန်းချက်၊ ဦးတည်ချက်နှင့် လုပ်ငန်းစဉ်များအပေါ် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့မိသားစုဝင်နိုင်ငံတစ်နိုင်ငံပီပီ အလေးထားပါဝင်ဆောင်ရွက်နေမှုကို ပေါ်လွင်စေကြောင်း။
ကုလသမဂ္ဂအနေဖြင့် နှစ်စဉ်ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်များကို ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်မှ “A world of 8 billion: Towards a resilient future for all – Harnessing opportunities and ensuring rights and choices for all” “လူဦးရေ သန်း ၈၀၀၀ ရှိသော ကမ္ဘာမြေ - ခံနိုင်ရည်ရှိသော အနာဂတ်ဖြစ်တည်ဖို့ အားလုံးအတွက် အခွင့်အလမ်းများ ရယူလို့ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များ ပံ့ပိုးကြပါစို့” ဟူ၍ ဖြစ်ကြောင်း၊ အဆိုပါ ဆောင်ပုဒ်မှ ပေးလိုသည့်အဓိကအချက်မှာ လူဦးရေ သန်း ၈၀၀၀ ခန့်ရှိသော ကမ္ဘာမြေကြီးတွင် တွေ့ကြုံရင်ဆိုင်နေကြရသည့် လူဦးရေဆိုင်ရာ ပြဿနာများကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး လိုက်လျောညီထွေတုံ့ပြန်နိုင်သည့် ခံနိုင်ရည်စွမ်းရှိသော အနာဂတ်ကို ပိုင်ဆိုင်ကြရန်ဖြစ်ကြောင်း၊ ထိုသို့ တုံ့ပြန်နိုင်ရန် ရရှိလာသည့် အခွင့်အလမ်းများကို မိမိရရဖမ်းဆုပ်ပြီး အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သကဲ့သို့ လူသားအားလုံး၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်များကိုလည်း အလေးထားကြရမည်ဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင် ကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြဿနာအချို့ကို မီးမောင်းထိုးပြလို ကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇၉၀၀ ကျော်ရှိရာမှ မကြာမီ ကာလတွင် သန်း ၈၀၀၀ ပြည့်တော့မည်ဖြစ်ကြောင်း၊ လူဦးရေသန်း ၈၀၀၀ ပြည့်လာခြင်းသည် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် လူ့သက်တမ်းပိုမိုရှည်လာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှု လျော့ကျလာခြင်းစသဖြင့် ကမ္ဘာမြေကြီးအတွက်ရော လူသားများ အတွက်ပါ အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း။
မကြာသေးမီကာလက တစ်ကမ္ဘာလုံး ရင်ဆိုင်ခဲ့ရသည့် ကိုဗစ်-၁၉ ရောဂါနှင့် နောက်ဆက်တွဲ ပြဿနာများကို တုံ့ပြန်ဖြေရှင်းနိုင်ရန် အချိန်တိုကာလ အတွင်းကာကွယ်ဆေးများ စံချိန်တင်လောက်အောင် တီထွင်ထုတ်လုပ်လာနိုင်ခြင်းသည်လည်း ကမ္ဘာ့လူသားများ၏ တီထွင်ဖန်တီး နိုင်စွမ်းနှင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းကိုပြသနေကြောင်း၊ အိမ်တွင်းအောင်းနေကြရသည့် အခက်အခဲများအကြားကပင် လုပ်ငန်းများကို အဆက်မပြတ်ဆောင်ရွက်နိုင်ရန် ဆက်သွယ်ရေးနည်းပညာ ဆန်းသစ်တီထွင်မှုများသည်လည်း အခက်အခဲများကို အခွင့်အလမ်းများ အဖြစ် ပြောင်းယူနိုင်ခဲ့သည့် သာဓကများပင်ဖြစ်ကြောင်း၊ ထိုသို့ တိုးတက်ဖြစ်ထွန်းမှုများသည် နိုင်ငံတိုင်းအတွက်၊ လူတိုင်းအတွက် တစ်ပြေးညီ ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ မညီမျှမှုများဖြစ်သည်ဆိုသည်ကို ကိန်းဂဏန်းအချက်အလက်များက ပြဆိုနေကြောင်း။
ထိုသို့ ကမ္ဘာပေါ်၌ ကလေးမွေးဖွားစဉ် မိခင်အမျိုးသမီးများ သေဆုံးကြသည့်ဖြစ်စဉ်များ ရှိနေဆဲဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် မွေးကင်းစကလေးငယ် သေဆုံးနှုန်းသည်လည်း မြင့်မားနေဆဲဖြစ်ကြောင်း၊ ကျား/မ ရေးရာကွာဟမှုများလည်း နေရာကဏ္ဍအသီးသီးတွင် ရှိနေဆဲဖြစ်ပြီး ခေတ်မီ ဆက်သွယ်ရေးနည်းလမ်းများ အရှိန်အဟုန်ဖြင့် တိုးတက်နေသော်လည်း အလှမ်းကွာဝေး နေသူများစွာရှိနေဆဲဖြစ်ကြောင်း။
ကမ္ဘာ့လူဦးရေသည် အရှိန်အဟုန်ဖြင့် တိုးပွားနေသော်လည်း နိုင်ငံတိုင်းတွင် တစ်သမတ်တည်း ညီညီမျှမျှ တိုးပွားနေခြင်းမဟုတ်သည်ကို တွေ့ရကြောင်း၊ ကမ္ဘာ့လူဦးရေသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၅ အထိ နှစ်စဉ်ပျှမ်းမျှ ၁ ရာခိုင်နှုန်းဖြင့် တိုးပွားနေသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးမှုနည်းသည့် နိုင်ငံများတွင် လူဦးရေတိုးပွားနှုန်း တူညီမှုမရှိသည်ကို တွေ့ရကြောင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ အပါအဝင် အာရှနိုင်ငံအများစုတွင် လူဦးရေ တိုးနှုန်း ၁ ရာခိုင်နှုန်းအောက်ရောက်ရှိနေပြီး အာဖရိက နိုင်ငံအများစုတွင် လူဦးရေတိုးနှုန်း ၂ ရာခိုင်နှုန်းမှ အချို့နိုင်ငံများတွင် ၃ ရာခိုင်နှုန်းနှင့်အထက် တိုးပွားနေသေးသည်ကို တွေ့ရကြောင်း၊ လူဦးရေတိုးနှုန်း ကွာဟမှုနှင့်အတူ နိုင်ငံများ၏ပျမ်းမျှ သက်တမ်းနှင့် ကလေးမွေးဖွားနှုန်းများ အလွန်အမင်း ကွာဟနေသည်ကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း၊ သာတူညီမျှမှုမရှိခြင်းနှင့်အတူ စိုးရိမ်စရာစိန်ခေါ်မှုများ တည်ရှိနေဆဲဖြစ်ကြောင်း။
ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် မွေးဖွားနှုန်းနိမ့်ကျမှုနှင့်အတူ လုပ်သားအင်အားရှားပါးလာပြီး သက်ကြီးရွယ်အိုများပြားလာသည့်အတွက် စိုးရိမ်ဖွယ်ဖြစ်နေသကဲ့သို့ ဖွံ့ဖြိုးမှုနိမ့်ကျသည့်နိုင်ငံများ၌လည်း လျင်လျင်မြန်မြန် တိုးပွားလာသော လူဦးရေ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အပြင်းအထန်ကြိုးစားရုန်းကန်နေကြကြောင်း။
စားနပ်ရိက္ခာမပြည့်စုံခြင်း၊ ရေရှားပါးပြတ်လပ်ခြင်းနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဖြစ်ပေါ်လာသည့် ဘေးအန္တရာယ်ဆိုးများကို ခံစားနေကြရသည့် လူဦးရေသည်လည်း မည်သည့်အချိန်ကနှင့်မျှမတူအောင် တိုးပွားလာနေကြောင်း၊ အထူးသဖြင့် ကမ္ဘာတွင်လက်ရှိကြုံတွေ့နေရသည့် ကိုဗစ် - ၁၉ ကပ် ရောဂါဘေးဆိုးနှင့် နောက်ဆက်တွဲပြဿနာများ၏ ရိုက်ခတ်မှုဒဏ်ကိုလည်း ကမ္ဘာ့လူဦးရေအများစု ခံစားနေကြရကြောင်း။
လူဦးရေလျင်မြန်စွာတိုးပွားလာခြင်းကြောင့် ဝင်ငွေနည်းပါးသော နိုင်ငံများနှင့် အလယ်အလတ်အောက်သာ ဝင်ငွေရရှိကြသည့် နိုင်ငံများ တွင်ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှုနှင့် အာဟာရချို့တဲ့မှု ပပျောက်ရေးလုပ်ငန်းများ၊ လူတိုင်းလက်လှမ်းမီသော ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားမရှိမဖြစ်ဝန်ဆောင်မှုများစသည့် နိုင်ငံ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်နေရသော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံနေကြရခြင်းသည်လည်း လူဦးရေတိုးပွားမှုနှုန်း မြင့်မားလာခြင်းအပေါ် ကုလသမဂ္ဂချမှတ်ထားသည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရေး အခက်အခဲနှင့် အဟန့်အတားများထဲမှ တစ်ခုဖြစ်သည်ကို တွေ့ရကြောင်း။
လူဦးရေလျင်မြန်စွာ တိုးပွားလာခြင်းသည် အမျိုးသမီးများကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ် တွေ့ကြုံရသည့် ကျန်းမာရေးပြဿနာများရှိနေခြင်း၊ မိသားစုစီမံကိန်းအားနည်းခြင်း၊ သားဆက်ခြားနှင့်မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများလိုအပ်နေခြင်း၊ ကျား/မ တန်းတူညီမျှမှု မရှိခြင်းတို့ကို မီးမောင်းထိုးပြနေခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဆင်းရဲသည့်နိုင်ငံအများစုတွင် နေထိုင်ကြသည့် လူဦးရေသန်းပေါင်းများစွာသည် မျိုးဆက်ပွား ပညာရပ်များကို သိစေခြင်းငှာ သတင်းအချက်အလက်ရရှိမှုနှင့် လိုအပ်သည့် ဝန်ဆောင်မှုများ ရရှိမှုအားနည်းနေကြောင်း ကုလသမဂ္ဂက သုံးသပ်ထား သည်ကို လေ့လာတွေ့ရှိရကြောင်း။
တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် ကမ္ဘာ့နိုင်ငံများတွင် အလုပ်လုပ်နိုင်သည့် လူဦးရေများပြားနေပြီး မှီခိုသူအရေအတွက် လျော့ကျလာခြင်းကြောင့် လူဦးရေးဆုလာဘ် (Demographic Dividend) ရရှိနေသည့် နိုင်ငံများရှိသကဲ့သို့ တစ်ဖက်တွင် လူဦးရေတိုးပွားမှုနည်းလွန်းသည့်အတွက် သက်ကြီးရွယ်အိုလူဦးရေ များပြားလာပြီး လုပ်သားအင်အား ရှားပါးလာသည့်ပြဿနာများကို ရင်ဆိုင်နေကြရသည့် နိုင်ငံများလည်းရှိနေကြောင်း၊ လူဦးရေနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများသည် မတူကွဲပြားသော ပြဿနာအမျိုးမျိုးကို ရင်ဆိုင်နေကြရကြောင်း။
ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးမှုပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ကမ္ဘာတစ်ဝန်း ရင်ဆိုင်တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်ဦးတစ်ယောက်ကိုမျှ ချန်လှပ်မထားဘဲ အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်များထဲမှ လူဦးရေနှင့်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွှယ်နေသည့် ပန်းတိုင်များသို့ အရောက်လှမ်းနိုင်ရန် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့၌ ကျင်းပခဲ့သည့် (၂၅) နှစ်မြောက် လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံမှ အဓိကဆောင်ရွက်ရမည့် ကဏ္ဍများအဖြစ် မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/မ တန်းတူညီမျှမှု ရရှိရေးတို့ကို သတ်မှတ်ခဲ့ကြခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် (၂၅) နှစ်မြောက် လူဦးရေနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ညီလာခံကချမှတ်ခဲ့သည့် သဘောတူညီချက်များနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အနည်းငယ်ရှင်းလင်းပြောကြားလိုကြောင်း။
လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၂ သန်းကျော်ပိုများသည်ကို တွေ့ရကြောင်း၊ အမျိုးသမီးတစ်ဦးသည် ယေဘုယျအားဖြင့် ကလေးနှစ်ယောက်နှုန်းခန့်တာ မွေးဖွားနေခြင်းဖြစ်၍ မြန်မာနိုင်ငံ၏ ကလေးမွေးနှုန်းသည် မိဘနှစ်ပါးကို ပြန်လည်အစားထိုးသည့် Replacement level fertility သို့ ရောက်ရှိနေပြီဟုဆိုနိုင်ကြောင်း။
ယခင်ဆယ်စုနှစ်များက ကလေးမွေးနှုန်းမြင့်မားခဲ့ခြင်း၏ အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အင်အား များပြားနေခြင်းကြောင့် လူဦးရေဆုလာဘ် ရရှိနေချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် လူငယ်များ၏အင်အားကို ထိထိမိမိအသုံးချနိုင်ရန်၊ နယ်မြေဒေသအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နိုင်သူလူဦးရေကို ထည့်သွင်းစဉ်းစားရန်နှင့် ၎င်းတို့၏ ပညာအရည်အချင်းနှင့် ကိုက်ညီမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်လိုအပ်ကြောင်း သိရှိနားလည်သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း။
မိမိတို့နိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိချိန်သည် ၂၀၆၀ ပြည့်နှစ် ဝန်းကျင်အထိသာ ရရှိနိုင်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ရေတို/ရေရှည် စီမံကိန်းများတွင် မှန်ကန်သည့်မူဝါဒများ၊ အစီအစဉ်များကို ကြိုတင်မျှော်တွေး စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၆၀ ပြည့်နှစ်နောက်ပိုင်းတွင် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားအင်အားရှားပါးသည့် ပြဿနာကိုရင်ဆိုင်ကြရမည့် အခြေအနေဖြစ်လာမည်ဖြစ်သည့်အတွက် လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်အားကောင်းလာစေရန် ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က စဉ်ဆက်မပြတ် လေ့လာသုံးသပ် ဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
မွေးဖွားနှုန်းကျဆင်းခြင်းသည် မြန်မာနိုင်ငံ၏နေရာဒေသအားလုံး၊ မတူညီသောအုပ်စုများ အားလုံးအတွင်း တစ်ပြေးညီကျဆင်းနေခြင်းမဟုတ်ဘဲ မညီမျှမှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ဒေသအချို့၊ အုပ်စုအချို့တွင် မွေးဖွားနှုန်းမြင့်မားခြင်းနှင့်အတူ မိခင်သေဆုံးနှုန်း၊ ကလေးသေဆုံးနှုန်းများ မြင့်မားနေဆဲဖြစ်ကြောင်း၊ သတင်းအချက်အလက်ရရှိမှု၊ လိုအပ်သည့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများရရှိမှုစသည်တို့တွင် မညီမျှမှုများဖြစ်ပေါ်နေပြီဖြစ်ကြောင်း၊ ထိုသို့သော မညီမျှမှုများကို လျှော့ချနိုင်ရန် မျိုးဆက်ပွား ကျန်းမာရေးကို မြှင့်တင်ပေးပြီး အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် ကျား/မ တန်းတူညီမျှရေးတို့ကို အလေးထားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။
မျိုးဆက်ပွားကျန်းမာရေးသည် အမျိုးသမီးများနှင့်သာ သက်ဆိုင်ခြင်းမဟုတ်ဘဲ အမျိုးသားများ၊ လူငယ်များအားလုံး၏အခွင့်အရေး၊ ကျန်းမာရေးတို့ နှင့်လည်း သက်ဆိုင်နေကြောင်း၊ အလားတူ ရပ်ရွာပြည်သူလူထုတစ်ရပ်လုံးသာမက နိုင်ငံတော်နှင့်လည်း သက်ဆိုင်ပါကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးကို မြန်မာနိုင်ငံတစ်ဝန်း မည်သူမဆို ရယူအသုံးပြုစေနိုင်မှသာ မြန်မာနိုင်ငံ၏အနာဂတ်ကို ကာကွယ်စောင့်ရှောက်ရာ ရောက်မည်ဖြစ်ကြောင်း၊ အမျိုးသမီးများ မိမိဆန္ဒအလျောက် မျိုးဆက်ပွား ကျန်းမာရေးဝန်ဆောင်မှုများ အသုံးပြုခွင့်ရရှိနိုင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းသို့ ရောက်ရှိစေရန် အကောင်းဆုံးရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ကြောင်း။
၂၀၁၅-၂၀၁၆ ခုနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူခဲ့သည့် လူဦးရေးနှင့် ကျန်းမာရေးစစ်တမ်းအရ အသက် ၁၅ နှစ်မှ ၄၉ နှစ်အထိ အိမ်ထောင်ရှင်အမျိုးသမီးများ၏ ၉၇ ရာခိုင်နှုန်းသည် ခေတ်မီသားဆက်ခြားခြင်းနည်းလမ်းများနှင့်ပတ်သက်၍ အသိပညာဗဟုသုတရှိကြ သော်လည်း အသုံးပြုနိုင်မှုတွင် ၅၁ ရာခိုင်နှုန်းသာ ရှိနေသည်ကို တွေ့ရကြောင်း၊ ခေတ်မီသားဆက်ခြားနည်းလမ်းများ အသုံးပြုလိုသော်လည်း အသုံးပြုနိုင် ခြင်းမရှိသေးသည့် (Unmet Need for Family Planning) ရာခိုင်နှုန်းသည် ၁၆ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရပြီး ထိုသို့သော မိသားစုစီမံကိန်းနှင့် အလှမ်းဝေးသည့်ဒေသများတွင် ကလေးမွေးနှုန်း မြင့်မားသောဒေသများဖြစ်နေသည်ကို တွေ့ရကြောင်း။
ထို့ကြောင့် မိသားစုစီမံကိန်း၊ သားဆက်ခြားနှင့် မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် ပိုမိုလိုအပ်သည့်ဒေသများ၊ အုပ်စုများနှင့်လိုအပ်သူများအားလုံး လက်လှမ်းမီစေရန် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ ၂၀၁၅-၂၀၁၆ ခုနှစ် လူဦးရေနှင့် ကျန်းမာရေးစစ်တမ်းအရ အိမ်ထောင်ရှင်အမျိုးသမီးများ၏ ၆၅ ရာခိုင်နှုန်းသည် တစ်ကိုယ်ရေကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ထောင်စုအတွက် လိုအပ်သော ပစ္စည်းများဝယ်ယူမှုနှင့် မိဘဆွေမျိုးများထံ သွားရောက်လည်ပတ်နိုင်မှုစသည့် နယ်ပယ် (၃) ခုတွင် ကိုယ်တိုင်ဆုံးဖြတ်ချက် ချမှတ်နိုင်ကြောင်းတွေ့ရပြီး ထိုသို့ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အမျိုးသမီးများသည် လိုအပ်သည့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုများ ပိုမိုခံယူနိုင်သည်ကိုလည်းတွေ့ရကြောင်း၊ အမျိုးသမီးများ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်သည့် စွမ်းဆောင်ရည်မြင့်မားလာအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ၏ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ ၂၀၁၉ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ အမျိုးသမီးဦးရေ ၁၀၀ တွင် ၅၂ ဦး ခန့်သာ အလုပ်လုပ်နေခြင်းဖြစ်၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမျိုးသမီးများ၏လုပ်အားကို အပြည့်အဝ အသုံးမချနိုင်သေးသည်ကိုတွေ့ရကြောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် အမျိုးသမီးများ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး အခွင့်အလမ်းများကို ဖန်တီးပေးကြရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ အသက် ၁၅ နှစ်မှ ၁၉ နှစ်အထိ အမျိုးသမီးဦးရေ ၁၀၀ တွင် ၁၅ ဦးက အသက် ၁၅ နှစ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရကြောင်း အသက် ၁၅ နှစ်ကနေ ၁၉ နှစ်အတွင်းရှိ အိမ်ထောင်သည်အမျိုးသမီး ၅ ပုံ ၁ ပုံ သည်လည်း အိမ်ထောင်ဖက်၏ အကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရသည်ကို ဖော်ပြထားကြောင်း၊ မျိုးဆက်ပွားကျန်းမာရေး၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး ကျား/မ တန်းတူညီမျှမှုရရှိရေး စသည့်ကဏ္ဍများတွင် ရှေ့ဆက်လုပ်ဆောင်စရာများစွာ ရှိနေသေးသည်ကို သုံးသပ်ရကြောင်း။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ကာလကြာရှည်စွာ ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည့်အတွက် မိမိတို့နိုင်ငံ၏ လက်ရှိ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ အနေအထားများအပေါ် ရေရှည်အကျိုးသက်ရောက်နိုင်မှုများ ရှိလာနိုင်မည်ကို ကြိုတင်ခန့်မှန်းတွက်ချက်ထားပြီး ကိုဗစ်-၁၉ ကြောင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါသည်များနှင့် အမျိုးသမီးများစသည့် ထိခိုက်လွယ်အုပ်စုများကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆက်လက်စီမံဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြတ်တောက်ခြင်းမရှိအောင် စီစဉ်ဆောင်ရွက်ထားရန်လိုအပ်သကဲ့သို့ အမျိုးသမီးများနှင့် ဆယ်ကျော် သက်များအတွက် မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ခြင်းနှင့် မိခင်နှင့် ကလေးသေနှုန်းလျှော့ချခြင်း၊ အာဟာရချို့တဲ့မှုလျှော့ချခြင်းနှင့် လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှုစနစ်တို့ကို တိုးမြှင့်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
မိမိနိုင်ငံအတွက် လူဦးရေဆုလာဘ်ရရှိနေချိန်တွင် တိုးပွားလာသည့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှု လျော့ပါးသက်သာလာချိန်တွင် ပြန်လည်ကုစားရေး အစီအစဉ်များကို ဆောင်ရွက်ပြီး ရရှိလာသည့် အခွင့်အရေးကို မိမိရရဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းကြရန်တိုက်တွန်းလိုကြောင်း၊ တစ်ဦးတစ်ယောက်ချင်းစီ၏ ရပိုင်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့် များကို မထိပါးစေဘဲ ထိရောက်မှန်ကန်သည့် မူဝါဒများနှင့် အစီအစဉ်များကို ချမှတ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကမ္ဘာ့နိုင်ငံများတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို လွတ်မြောက်အောင် နည်းလမ်းရှာဖွေရင်း အခွင့်အလမ်းများအဖြစ် ပြောင်းယူနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၌လည်း လက်ရှိကြုံတွေ့နေရသည့် အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း အခွင့်အလမ်းများအဖြစ် ပြောင်းလဲရယူပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးစသည့် ကောင်းမွန်သည့်အနာဂတ် တည်ဆောက်နိုင်ရန် ဦးတည်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံ၌ လူဦးရေဆုလာဘ်ရရှိနေမှုနှင့် မူဝါဒဆိုင်ရာ သုံးသပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့နှင့် သက်ဆိုင်သည့် Animation Video Clip ကို ပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ ၂၀၂၂ ခုနှစ် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။