ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီ၏ ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်ပွဲတက် ရောက်၊ ဆင့်ပွားသင်တန်းများ၌ ထိထိရောက်ရောက်ပြန်လည်ရှင်းလင်း ပို့ချနိုင်ရေး စနစ်တကျ လိုက်နာမှတ်သားရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီ၏ ဗဟိုအဆင့် နည်းပြသင်တန်း ဖွင့်ပွဲတက် ရောက်၊ ဆင့်ပွားသင်တန်းများ၌ ထိထိရောက်ရောက်ပြန်လည်ရှင်းလင်း ပို့ချနိုင်ရေး စနစ်တကျ လိုက်နာမှတ်သားရန်မှာကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ ။

မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့်နည်းပြ သင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ (၁၄) ရက် ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းနည်းပြများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအောက်ရှိ ခရိုင်နှင့်မြို့နယ်များမှ အရာထမ်း သင်တန်းသား၊ သင်တန်းသူ (၆၀) ဦးတို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံအတွင်းရှိ လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ရေးကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်သကဲ့သို့ ကြီးကြပ်မှုဗဟိုကော်မတီကလည်း တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) ကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ကာလ အချိန်တိုအတွင်း ပြီးစီးနိုင်ရေးနှင့် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို သင်တန်းများ ဖွင့်လှစ်ပို့ချ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နေပြည်တော်(ရုံးချုပ်)တွင် ဗဟိုအဆင့်နည်းပြသင်တန်းကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ မိမိတို့ဌာနမှ အရာထမ်းများဖြင့် (၂)ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး နည်းပြသင်တန်းအရာရှိများက တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းနှင့် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၏ စီစဉ်မှုဖြင့် ထပ်မံဖွင့်လှစ်ပို့ချ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဗဟိုအဆင့် နည်းပြသင်တန်းများတွင် ထိထိရောက်ရောက်ပြန်လည် ပို့ချနိုင်သည်အထိ တတ်ကျွမ်းနားလည်မှသာ လက်တွေ့မြေပြင်ကွင်းဆင်းကောက်ယူမည့်အဖွဲ့များအနေဖြင့် လက်တွေ့နယ်ပယ်၌ တိကျမှန်ကန်သော လူဦးရေစာရင်းများ ကောက်ယူမှတ်သားနိုင်မည်ဖြစ်ပါကြောင်း၊ မြေပြက်ကွင်းဆင်း ကောက်ယူရာတွင် မသန်စွမ်း (၅) မျိုး၏ အချက်အလက်များကိုလည်း သတ်မှတ်ပုံစံဖြင့် ကောက်ယူနိုင်ရေး သက်ဆိုင်ရာဌာနမှ လာရောက်ရှင်းလင်း ပို့ချသွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် မြေပြင်ကွင်းဆင်းကောက်ယူရေးအတွက် အဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းမှုနှင့် ၎င်းတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ သင်တန်းစီမံချက်နှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့လက်စွဲ စာစောင်၊ မိမိလက်ဝယ်ပေးလိုက်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် တိုက်ဆိုင်ကာ မေးမြန်းကောက်ယူမှတ်သားရမည့် အချက်အလက်များ၊ ကြုံတွေ့နိုင်မည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးပို့ချကြမည်ဖြစ်ရာ သင်တန်းသားများအနေဖြင့် စနစ်တကျလိုက်နာမှတ်သားကြရန်နှင့် မရှင်းလင်းသည့်အချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းဆွေးနွေးကြရန်လိုကြောင်း၊ သို့မှသာ မိမိတို့ပိုင်ပိုင်နိုင်နိုင်နားလည် တတ်ကျွမ်းသည့် အကြောင်းအရာများကို ဆင့်ပွားသင်တန်းများ၌ ထိထိရောက်ရောက်ပြန်လည်ရှင်းလင်း သင်ကြားပို့ချနိုင်မည်ဖြစ်ပြီး လက်တွေ့ဆောင်ရွက်မှုများတွင် အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ယခုဖွင့်လှစ်သည့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ၏ ဗဟိုအဆင့်နည်းပြသင်တန်းကို နေပြည်တော်၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နှင့် (၁၅) ရက်တို့တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာဒေသများ၌ ဒီဇင်ဘာလ (၂၂) ရက်နှင့် (၂၃) ရက်တို့တွင်လည်းကောင်း၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများကို သက်ဆိုင်ရာမြို့နယ်များ၌ ဒီဇင်ဘာလ (၂၇) ရက်နှင့် (၂၈) ရက်တို့တွင်လည်းကောင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၉) ရက်မှ (၃၁) ရက်အထိ (၂၃) ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ကောက်ယူမှတ်သား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။