
နေပြည်တော်၊ ဒီဇင်ဘာ ၂၅ ။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာလ ၂၅ ရက် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းသို့သွားရောက်၍ ရန်ကုန်မြို့သို့ ရေကြောင်းမှဝင်ရောက်လာသည့် ပင်လယ်ကူးသင်္ဘောများ ကျောက်ချရပ်နားသည့်နေရာသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုသည့် ဝန်ကြီးဌာန၏ ဇင်ယော် (၁)၊ (၂)၊ (၃) ရေယာဉ် (၃) စီးကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရေယာဉ်များ၏သမိုင်းကြောင်း၊ ရေယာဉ်တစ်စီးချင်းအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုနှင့်လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများ၊ ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် နှစ်စဉ်ပြုပြင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရေယာဉ်ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ရေယာဉ်များကြံ့ခိုင်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန်၊ ရေယာဉ်များလုံခြုံမှုရှိစေရေးအတွက် နေ့ညမပျက် အလှည့်ကျတာဝန်ချထားရန်မှာကြားပြီး ဇင်ယော်ရေယာဉ်စက်ခန်း အခြေအနေနှင့် ရေယာဉ်တက် မခန်း အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေယာဉ်ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အေးရှားဝေါလ်ဆိပ်ကမ်းသို့သွားရောက်ရာ ဆိပ်ကမ်းရှင်းလင်းဆောင်၌ ဆိပ်ကမ်းများကြီးကြပ်ရေးဌာနခွဲ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဘုန်းက ဆိပ်ကမ်းများကြီးကြပ်ရေးဌာနခွဲ၊ ဒုတိယဌာနခွဲမှူးရုံးရှိ ဝန်ထမ်းအင်အားအခြေအနေ၊ သီလဝါ၊ ရန်ကုန်နှင့် သန်လျင်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောများ ဝင်ထွက်သွားလာမှုနှင့် အဆိုပါသင်္ဘောများ၌ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းစဉ် အဆင့်အလိုက် စစ်ဆေးဆောင်ရွက်မှုအခြေအနေ၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံတူးစင်များသို့ ဝင်ထွက်သည့်သင်္ဘော များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်မှုအခြေအနေ၊ ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန် ရေးအတွက် ပြုပြင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လုပ်ငန်းဆိုင်ရာလိုအပ် ချက်များ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှ လေဆိပ်ဝန်ထမ်းများသည် လေကြောင်းလိုင်းမှ ဝင်ထွက်သွားလာမှုများကို တာဝန်ယူဆောင်ရွက် ရသကဲ့သို့ ရေဆိပ်ဝန်ထမ်းများသည်လည်း ရေကြောင်းမှ တရားဝင်ဝင်ထွက်သွားလာမှုအဆင်ပြေစေရေးနှင့် တရားမဝင် ဝင်ထွက်မှုမရှိစေရေး တာဝန်ယူဆောင်ရွက်ရသည့် နိုင်ငံ၏တံခါးမှူးများဖြစ်ပါကြောင်း၊ ပင်လယ်ဝမှ ရန်ကုန်မြစ်အတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာသင်္ဘောများပေါ်သို့ တက်ရောက်စစ်ဆေးဆောင်ရွက်သည့် ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝတ်စားဆင်ယင်မှု စနစ်တကျဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစစ်ဆေးဆောင်ရွက်ရန်နှင့် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဝန်ထမ်းများနှင့် ရေယာဉ်များလုံခြုံရေးအတွက် အမြဲဂရုပြုဆောင်ရွက်ရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက် ကြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။