ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာ ပြဿနာအခက်ခဲများ ဖြစ်သည့် မိသားစုစီမံကိန်းဆိုင်ရာများ ၊ ကျား/မ တန်းတူညီမျှမှု ၊ ဆင်းရဲနွမ်းပါးမှု ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မိခင်နှင့်ကလေးကျန်းမာရေး ၊ လူ့အခွင့်အရေး စသည်တို့နှင့်ပတ်သက်၍ ပြည်သူလူထုနားလည် သိရှိ နိုင်စေရေးအတွက် အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကမ္ဘာ့လူဦးရေသန်း၅ထောင်ပြည့်ခဲ့သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် ထိုနေ့ကိုရောက်တိုင်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများ အစဉ်အဆက် ကျင်းပခဲ့ကြသည်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည်လည်း ၁၉၉၀ ပြည့်နှစ်မှစ၍ ကမ္ဘာ့လူဦးရေနေ့ အခမ်းအနားများကို ဇူလိုင် ၁၁ ရက်နေ့ရောက်တိုင်း နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ် ဇူလိုင် လ ၁၁ ရက်နေ့တွင် (၃၅) ကြိမ်မြောက် ကျင်းပသည့် အခမ်းအနားအဖြစ် ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
ကမ္ဘာ့နိုင်ငံအသီးသီးက နှစ်အလိုက် ကြုံတွေ့နေရသည့် လူဦးရေဆိုင်ရာ ပြဿနာများအပေါ် အခြေခံကာ အရေးတကြီး ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရေးပေါ် ထိရောက်စွာ ဖြေရှင်းနိုင်ရန် ဆောင်ပုဒ်များသတ်မှတ် မီးမောင်ထိုးပြသဆောင်ရွက်ခဲ့ကြရာ ယခုနှစ် ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်အဖြစ် ‘ထိခိုက်လွယ်သူဖေးမကူ ၊ အရေးပေါ်ကစောင့်ရှောက်ကြ’ ‘Helping vulneraple populations in emergencles’ ဟု သတ်မှတ်ဆောင်ရွက်ခဲ့ကြသည် ။
ယနေ့ ကမ္ဘာ့နိုင်ငံအများစုတွင် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ဘာသာရေး နှင့် လူမျိုးရေး ဆိုင်ရာ ပဋိပက္ခ၊ စစ်မက်ဖြစ်ပွားမှုများ ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများ ၊ စားရေရိက္ခာရှားပါးမှု စသည့်ဘေးအန္တရာယ်မျိုးစုံဖြင့် ကြုံတွေ့ခံစားနေရသည့်အချိန်ဖြစ်သည် ။ ယင်းဘေးအန္တရာယ်များကို အဓိကကြုံတွေ့ခံစားကြရသည့် ၊ အခြားသူများ ထက် ပိုမိုထိခိုက်ခံစားရသူများမှာ အမျိုးသမီးများ ၊ ကလေးငယ်များနှင့်လူငယ်လူရွယ်များ ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ၊ ဆင်းရဲနွမ်းပါးသူများပင်ဖြစ်ကြသည်။
ယင်းတို့သည်ကြုံတွေ့လာသည့် ဘေးအန္တရာယ်အခက်အခဲများကို ခုခံနိုင်စွမ်းနည်းပါးကြသကဲ့သို့ ၎င်းတို့၏ လိုအပ်ချက်များ ၊ မဖြစ်မနေသီးသီးသန့်သန့်ဆောင်ရွက်ပေးရမည့် ကိစ္စများကိုလည်း မသိကျိုးကျွံပြု ၊ လျစ်လျူရှု ခံနေကြရသည်။ အမှန်တကယ် ၎င်းတို့၏ လိုအပ်ချက်များကို တက်နိုင်သမျှဖြည့်ဆည်းပေးမှု ၊ ၎င်းတို့၏ ဘဝလုံခြုံရေး နှင့် ဂုဏ်သိက္ခာရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးမှု ၊ ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်ပေးမှု ၊ ဘဝရပ်တည်ရှင်သန်နေထိုင်နိုင်ရေး ဖြည့်ဆည်းပေးမှု အစရှိသည်တို့ကို အလေးထားဆောင်ရွက်ပေးခြင်းသည် မိသားစုအသိုက်အဝန်းနှင့် လူမှုဝန်းကျင် အသိုက်အဝန်း ပျော်ရွှင်သာယာစေရေးအတွက် ဖြည့်ဆည်းပေးခြင်းဖြစ်သည့် အတွက် အကျိုးကျေးဇူးများစွာ ၊ ကောင်းကျိုးရလဒ်များစွာ ရရှိနိုင်မည်ဖြစ်ပါသည်။
သို့သော် လက်ရှိမှာ အဘက်ဘက်မှ ပြည့်စုံပြီး အင်အားကြီးမားသည့် နိုင်ငံကြီးတချို့သည် အင်အား သေးငယ်သည့် အဘက်ဘက်က မပြည့်စုံသည့် နိုင်ငံငယ်လေးများကို ဖေးမကူညီဆွဲတင်ရမည့်အစား သူ့လက်အောက် သွတ်သွင်းကာ လက်ဝါးကြီးအုပ် ကြီးစိုးခြယ်လှယ်နေကြသည်များရှိနေသည်။ တန်းတူညီမျှမှုက စာအရသာရှိမနေဘဲ လက်တွေ့ကျကျ ဖြစ်ရန်လိုသည်။
ထို့ပြင် နိုင်ငံတကာ သတင်းအချက်အလက်များအရ ရေဘေးအန္တရာယ်ကျရောက်နေကြသူများ အနက် သုံးပုံနှစ်ပုံခန့်သည် အသက် ၂၅ နှစ်အောက် လူငယ်လူရွယ်များ ဖြစ်နေသည်ကို သိရှိရပါသည်။ ၎င်းတို့သည် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေကြရပြီး ကမ္ဘာတစ်ဝန်းရှိ ကျောင်းတက်ရောက် ပညာသင်ကြားခွင့် မရရှိသည့် လူငယ်တစ်ဝက်ခန့်သည် ပဋိပက္ခအမျိုးမျိုးဖြစ်ပွားနေသည့် နိုင်ငံများ ပဋိပက္ခကြုံတွေ့နေရသည့် နိုင်ငံများမှ ဖြစ်ကြောင်းလည်း သိရှိရသည်။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်အတိုင်း လူငယ်များသည် နိုင်ငံတိုင်း၌ နိုင်ငံ၏ အနာဂတ်များ ဖြစ်သည်နှင့်အညီ ၎င်းတို့ကို ပြုစု ပျိုးထောင်မှု ၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုမရှိခဲ့ ၊ မရခဲ့ကြပါက နိုင်ငံ၏ အနာဂတ်သည် မရေရာ ၊ မသေချာ ဖြစ်နေမည်မှာ မြေကြီးလက်ခတ် မလွဲနိုင်ပေ ။
မြန်မာနိုင်ငံ၌လည်း လက်ရှိအခြေအနေတွင် နယ်စပ်ဒေသများ အပါအဝင် နေရာဒေသတစ်ချို့၌ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် ဒေသခံ ပြည်သူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဘေးလွတ်ရာသို့ ထွက်ပေးတိမ်းရှောင်နေကြရသည်။ ယင်းသို့ ထွက်ပြေးတိမ်းရှောင်ကြသူအများစုမှာ အမျိုးသမီးများ ၊ ကလေးငယ်များ ၊ သက်ကြီးရွယ်အိုများ ၊ ပညာသင်ကြားနေသည့်အရွယ် လူငယ်များ ဖြစ်နေကြသည်။ ၎င်းတို့အားလုံးသည် ၎င်းတို့ပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ တိုက်ပွဲများ မဖြစ်ပွားရာ နေရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် စား ၊ ဝတ် ၊ နေရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များရှိနေကြသည်။ လူငယ်များအတွက် ပညာဆက်လက်သင်ကြားခွင့်များ အနည်းနှင့်အများ ဆုံးရှုံးနေကြရသည်။
၎င်းတို့သည် ကိုယ်ရောစိတ်ပါ ညှိုးငယ်နွမ်းလျနေကြသူများဖြစ်ပြီး ထိခိုက်မှု အလွယ်တကူ ခံစားနေကြရသူများ ဖြစ်သည့်အတွက် ဖေးမကူညီမှု ၊ မဖြစ်မနေစောင့်ရှောက်မှုများ လိုအပ်နေကြသူများပင် ဖြစ်ကြသည်။ ၎င်းတို့အတွက် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဒေသ အာဏာပိုင်များက တက်နိုင်သမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့မြင်ကြားသိနေရသည့်အတွက် မုဒိတာစိတ်လေး ဖြစ်မိသည်။ သို့သော် လိုအပ်ချက်များကတော့ ရှိနေကြဦးမည်သာ ။
နေ့စဉ်ထုတ် နိုင်ငံပိုင်သီတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ဖော်ပြနေသည့် နိုင်ငံတကာ သတင်းများတွင် ရေကြီးမှု ၊ မြေပျိုမှု ၊ တောမီးလောင်မှု ၊ အပူချိန်မြင့်တက်မှု ၊ သောက်သုံးရေ ပြတ်လပ်မှု ၊ ငလျင်လှုပ်ခတ်မှု ၊ မီးတောင်ပေါက်ကွဲမှု စသည့်သဘာဝ ဘေးအန္တရာယ်ကျရောက်မှုများနှင့် တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်တိုက်ခိုက်နေသည့် ပဋိပက္ခစစ်ပွဲဖြစ်ပွားမှုများကို မကြာခဏဖတ်ရှုမြင်တွေ့နေရသည်။ ယင်းဖြစ်စဉ်များ ဖြစ်ပွားသည့်ဒေသများ၌ ကိုယ်ရောစိတ်ပါ အထိခိုက်ဆုံသူများမှာ အထက်တွင် ဖော်ပြခဲ့သည့် အမျိုးသမီးများ ၊ ကလေးငယ်များ ၊ လူငယ်လူရွယ်များ ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အို များပင်ဖြစ်နေသည်။ ဖေးမကူညီမှု ၊ကယ်တင်စောင့်ရှောက်မှုများကို ငံ့လင့်လျက် ဘဝရှင်သန်ရပ်တည်ရေးကို ရင်လေးနေကြမည်မှာ အမှန်ပင်။
ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ယနေ့ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ရှစ်ထောင်ကျော်ပြီ ဖြစ်ကြောင်း သိရသည် ။ ယခင်က ကမ္ဘာ့လူဦးရေသန်းတစ်ထောင်ပြည့်ရန် နှစ်ပေါင်းရာချီကြာမြင့် ခဲ့သော်လည်း ယခုအခါတွင် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်မြင့်ဆေးဝါးများ ၊ အဆင့်မြင့်နည်းပညာများကြောင့် လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ လူဦးရေဆိုင်ရာမွေးဖွားနှုန်း သေဆုံးနှုန်းများ ပြောင်းလဲလာသည်နှင့်အညီ လူဦးရေသန်းတစ်ထောင်တိုလာရန်မှာ အချိန်ကာလ တဖြည်းဖြည်းတိုတောင်းလာသည်ကို တွေ့ရသည်။ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအများစုသည် မွေးဖွားနှုန်း သိသိသာသာ ကျဆင်းသော်လည်း ဖွဲ့ဖြိုးဆဲနိုင်ငံများ ၊ ဖွွံ့ဖြိုးမှုနည်းပါးသည့် နိုင်ငံများအနေဖြင့် မွေးဖွားနှုန်း မြင့်မာနေသည်ကို တွေ့ရသည်။
မွေးဖွားနှုန်းကျဆင်းသည့် နိုင်ငံများတွင် ကလေးဦးရေနည်းပါးလာပြီး လုပ်ငန်းအင်အားရှားပါး လာသကဲ့သို့ သက်ကြီးရွယ်အိုများပြားလာသည်။ မွေးဖွားနှုန်းမြင့်မားသည့် နိုင်ငံများအနေဖြင့် ဖွံ့ဖြိုးမှု နှေးကွေးနောက်ကျသည့်အတွက် ပညာရည်နိမ့်ပါးခြင်း ၊ အလုပ်လက်မဲ့များပြားခြင်း ၊ ဆင်းရဲနွမ်ပါးသူ များပြားခြင်းတို့နှင့်ရင်ဆိုင်နေကြရသည်။လူဦးရေတိုးတက်လာသည်နှင့်အမျှ စားရေရိက္ခာ မလုံလောက်မှုများ ၊ သောက်သုံးရေရှားပါးမှုများ ၊ ကူးစက်ရောဂါပြန့်ပွားမှုများ ဖြစ်ပွားခဲ့သည်။ သဘာဝ ပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုများပြားလာပြီး ရာသီဥတုဖောက်ပြန်မှု ၊ မိုးခေါင်ရေရှားမှု ၊ ရေကြီးမှု ၊ လေပြင်းတိုက်ခတ်မှု ၊ မုန်တိုင်းအန္တရာယ်ကျရောက်မှု ၊ ငလျင်လှုပ်မှု စသည့် ဘေးဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ မထောင်းသာလှသော်လည်း ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများ အနေဖြင့် ပြန်လည်နာလန်ထူရေးအတွက် ကြိုးစားကြရင်း ဆင်းရဲတွင်းနစ်ခဲ့ကြသည်။ လူသားအချင်းချင်း တန်းတူညီမျှမှုမရှိဘဲ့ ဆင်းရဲနွမ်းပါးမှု ပိုမိုများပြားလာကာမိသားစုများစွာသည် လူမှုဘဝလိုအပ်ချက်မျိုးစုံဖြင့် ချို့ချို့တဲ့တဲ့လူသားအဖြစ် ရပ်တည်ရှင်သန်နေကြရသည်။
ယင်းကဲ့သို့ နိုင်ငံအများစုရှိ လူသားများအတွက် ဆင်းရဲနွမ်းပါးမှု ၊ တန်းတူမညီမျှမှု ၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှု ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှု ၊ ငြိမ်းချမ်းမှုနှုင့် တရားမျှတခြင်းမရှိမှု စသည့်ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့်လူသားအားလုံး၏ဘဝမျှော်လင့်ချက်များ တိုးတက်ကောင်းမွန်လာစေရန် ကုလသမဂ္ဂအဖွဲ့ကြီးက စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု ပန်းတိုင်များ ( Sustainable Depelopment Goals) ရေးဆွဲချမှတ်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဖွဲ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက်များ ပြည့်မှီရေး ဆောင်ရွက်သွားရန် သဘောတူညီကာကြိုးပမ်းဖော်ဆောင် နေကြသည် ကိုလည်း တွေ့ရသည်။
နိုင်ငံအလိုက်ကြုံတွေ့နေရသည့်အခက်အခဲ့ ပြဿနာများကို အချိန်မီကုစားဖြေရှင်းနိုင်ရေး ကြိုးပမ်းရာတွင် ယင်းနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေကို သုံးသပ်ကာ ဖော်ဆောင်ရမည့် ကိစ္စများကို ကဏ္ဍအလိုက် ဦးစားပေးအဆင့်များ သတ်မှတ်၍ ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် ၎င်းနိုင်ငံ၏ နယ်မြေဒေသအလိုက် အခြေခံကျသည့် လူဦးရေနှင့်လူမှု စီးပွားရေး ဆိုင်ရာအခြေခံအချက်အလက်များ ရရှိရေးနှင့် ယင်းအချက်အလက်များ တိကျမှန်ကန်ရေးသည် အရေးကြီးလှသည်။
ယင်းအချက်အလက်များသည့် အသုံးပြုသူများအတွက် အားကိုးအားထားပြုနိုင်လောက်အောင် ခိုင်မာမှုရှိပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီအောင်လတ်ဆက်နေရမည်ဖြစ်သည်။ ယင်းအချက်အလက် များသည် လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းမှသာ ရရှိနိုင်သည့်အတွက် နိုင်ငံအများစုတွင် လူဦးရေသန်းခေါင်စာရင်းကို ပုံမှန်ကောက်ယူကြသည်။ သို့သော်လုပ်ငန်းပမာဏကြီးမားပြီး ငွေကုန်ကြေးကျ များပြားသည့်အတွက် ဆယ်နှစ်လျှင် တစ်ကြိမ်သာကောက်ယူနိုင်ကြသည်။
မြန်မာနိုင်ငံတွင်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ၊ ၁၉၈၃ နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (၃) ကြိမ်ကောက်ယူနိုင်ခဲ့သည်။ လူဦးရေသန်းခေါင်စာရင်းသည် နိုင်ငံတစ်နိုင်ငံ၏ နယ်မြေဒေသအလိုက် လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ အချက်အလက်များကို နိုင်ငံ၏ အသေးငယ်ဆုံး အုပ်ချုပ်မှု နယ်မြေဒေသအဆင့်အထိ အသေးစိတ်ရှိနိုင်သည်။ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ရရှိခဲ့သည့် အချက်အလက်များကို အခြေခံကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်စီမံကိန်းများ ချမှတ်ကာ အဘက်ဘက်က တိုးတက်အောင် လက်ရှိအခြေအနေအထိ အသုံးပြုဆောင်ရွက်လျက်ရှိသည်။ သို့သော် နှစ်ကြာလာသည်နှင့် အမျှ ကိန်းဂဏန်းအချက်အလက် ခိုင်မာမှုက လျော့နည်းလာမည်။
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီး ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် ယခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အဓိကမှာ နှစ်စဉ်ထုတ်ပြန်သည့်နိုင်ငံ၏ ခန့်မှန်းလူဦးရေစာရင်းများ ခိုင်မာမှုရှိစေရေး ၊ လုပ်ငန်းကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် သုတေသနလုပ်ငန်းများအတွက် မှန်ကန်သည့် လူဦးရေဆိုင်ရာအခြေခံ အချက်အလက်များရရှိရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး လာမည့် အောက်တိုဘာ ၁ ရက်နေမှ ၁၅ ရက်နေ့ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ပြီးခဲ့သည့် သန်းခေါင်စာရင်းကောက်ယူချိန်မှ ယခုကောက်ယူမည့် ကြားကာလ ၁၀ နှစ်တာအတွင်း မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်ပွားမှု ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာ်မျု စသည့်ထူးခြားဖြစ်စဉ်များ ဖစ်ပွားခဲ့သည့်အတွက် ယခုသန်းခေါင်စာင်း ကောက်ယူရာတွင် ရရှိသည့်အချက်အလက်များသည် ယခင်အချက်အလက်များနှင့် ထူးထူးခြားခြား ကွဲပြားခြားနားမှုများ ရှိလာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအောင်မြင်ရေးအတွက်လည်း အဘက်ဘက်က ကြိုးပမ်း ဆောင်ရွက်နေသည့်အချိန်ပင် ဖြစ်သည်။ ယင်းအချက်အလက်များအပေါ် အခြေခံကာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများနှင့်လူဦးရေဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်နိုင်မည် ဖြစ်သည်။
ထို့ပြင် သန်းခေါင်စာရင်းအချက်အလက်များအရ လူဦးရေဆိုင်ရာ အချက်အလက်များ ကျား/မ အချိုး ၊ မွေးဖွားမှု ၊ သေဆုံးမှု ၊ အသက်အပိုင်းအခြားအလိုက် လူဦးရေ ၊ ပညာရေးနှင်ကျန်းမာရေးဆိုင်ရာ လွှမ်းခြုံနိုင်မှု ၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှု အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးမှု ၊ ပြည်တွင်း ပြည်ပ ရွှေ့ပြောင်းသွားလာမှု ၊ နေထိုင်မှုပုံစံများ စသည့်အခြေအနေအရပ်ရပ်ကို သိရှိပြီး ဖြည့်ဆည်းဆောင်ရွက် ဆောင်ရွက်ပေးရန် လိုအပ်သည့်နေရာဒေသများကို သတ်သတ်မှတ်မှတ် ထိထိမိမိ ဖော်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။
ယင်းတို့အနက် ထိခိုက်လွယ်သူများ၏ ဘဝရပ်တည် ရှင်သန်နေထိုင်မှုနှင့် ပတ်သက်သည့် လူဦးရေဆိုင်ရာ အချက်အလက်များကို ကဏ္ဍအလိုက် ခွဲထုတ်ကာ လိုအပ်ချက်အရ အရေးပေါ်ကူညီ ကယ်ဆယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများ ချမှတ် ဆောင်ရွက်ပေးနိုင်လျှင် များစွာအကျိုးရှိပေမည်။ ကဏ္ဍအလိုက် ခွဲထုတ်ကာ လိုအပ်ချက်အရ အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံများ ချမှတ်ဆောင်ရွက်ပေးနိုင်လျှင်များစွာအကျိုးရှိပေမည်။ကဏ္ဍအလိုက်ဖြစ်သည့်အတွက်ထိထိရောက်ရောက်လည်းပံ့ပိုးဆောင်ရွက်နိုင်သည်။ အမျိုးသမီးများအခွင့်အရေး ၊ ကလေးလူငယ်များကျန်းမာရေးဖွံ့ဖြိုးရေး ၊ လူငယ်များ အနာဂတ်ဘဝ လှသာယာရေး ၊ သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး စသည့် ထိခိုက်လွယ်သူများအတွက် ဖေးမကူညီမှုကို အလေးဂရုပြု ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ငယ်ငယ်က မြန်မာဖတ်စာတွင် သင်ဖူးသည် ။ “ အားငယ်သူ ကူပေးပါ ” ဟူ၍ဖြစ်သည်။ အားနည်းသူကို ဖေးမကူညီရမည် ။အခက်အခဲများနှင့်ကြုံတွေ့က ကယ်တင်စောင့်ရှောက်ကြရမည် ။ ဤသို့ဆောင်ရွက်ပေးခြင်းသည် မိသားစုဘဝများ စိမ်းချမ်းမြေ့ပျော်ရွှင်ရေး လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးကာ အေးချမ်းသာယာသည့် လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေးပင်ဖြစ်သည်။ ယင်းကဲ့သို့ဆောင်ရွက် ပေးနိုင်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေကိန်းဂဏန်းအချက်အလက်များ ရရှိမှ ဖြစ်မည်။ ထို့ကြောင့် ယင်းအချက်အလက်ရရှိစေရေးဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အဆင်ပြေပြေအောင်မြင်ရေး အတွက် ပြည်သူအားလုံးက ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်ကြဖို့ လိုပါသည်။
မကြာမီ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူတော့မည် ။ တွေ့ကြုံလာမည့် စိန်ခေါ်မှုအခက်အခဲများကို ရင်ဆိုင်ကျော်လွှားကာ နိုင်ငံသားအားလုံးအတွက် ကောင်းမွန်သည့်အနာဂတ် ဘဝများ ဖန်တီးပုံဖော်တည်ဆောက်နိုင်မည့် အခွင့်အလမ်းများအဖြစ် ပြောင်းလဲနိုင်ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်နိုင်ရေး မုဒိတာစိတ်ထားဖြင့် တိုက်တွန်းရင်း ဇူလိုင်လ ၁၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့ကိုဂုဏ်ပြု ကြိုဆိုအပ်ပါသည်။ ။