နေပြည်တော်၊ အောက်တိုဘာ ၈ ။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် နေပြည်တော်ကောင်စီ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၈ ရက်၊ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာရှိ ပေါက်မြိုင်တိုက်သစ်ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က လှူဘွယ်ဝတ္ထုနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ရေဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်မှုများကို လျှောက်ထားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ကျောင်းတိုက်ဓမ္မာရုံ၌ ရာဂီမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရေဘေးသင့်ပြည်သူများအားတွေ့ဆုံရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးသင့်ဒေသများအား နဂိုအခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနအနေဖြင့်လည်း ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးမှုနှင့် ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်စိစစ်ထုတ်ပေးနိုင်ရေး အတွက်ဆောင်ရွက်ပေးမှု၊ ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် ရေဘေးသင့်ပြည်သူများကိုလည်း သန်းခေါင်စာရင်းမေးခွန်းများ မေးမြန်းကောက်ယူမည့်အခြေအနေ၊ သန်းခေါင်စာရင်းအချက်အလက်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံအသုံးပြုဆောင်ရွက်ရသည့်အတွက် သန်းခေါင်စာရင်းမေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ရေးအခြေအနေ၊ ရေဘေးသင့်ပြည်သူများအနေဖြင့် သဘာဝဘေးဒဏ်ကို ကြံ့ခိုင်သည့်စိတ်ဓာတ်ဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ရင်း အနာဂတ်ဘဝများကို ကောင်းမွန်စွာရှင်သန်ရပ်တည်နိုင်ရေးအတွက် စွမ်းအားသစ်များဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့်စပ်လျဉ်း၍ အားပေးစကား ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ရေဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များနှင့်စပ်လျဉ်း၍ အားပေးစကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် ရေဘေးသင့်ပြည်သူများအား သန်းခေါင်စာရင်းအင်္ကျီနှင့် အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ရေဘေးသင့်ပြည်သူများထံ အသီးသီးထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် လယ်ဝေးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေကြီးရေလျှံမှုကြောင့် ပျက်ဆီး၊ ပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရေဘေးသင့်ပြည်သူများထံ ပြန်လည်ထုတ်ပေးနိုင်ရေးအတွက် မှတ်တမ်းမှတ်ရာများဖြင့် စိစစ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် မြို့နယ် စာရင်းစစ်၊ စာရင်းကောက်များက ရေဘေးသင့်ပြည်သူများအား Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်းဆိုင်ရာ အစုအဖွဲ့မေးခွန်းပုံစံဖြင့် မေးခွန်းများမေးမြန်းကောက်ယူနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားကြပြီး ထောက်ပံ့ပစ္စည်းများကို ကျေးရွာကိုယ်စားလှယ်များထံပေးအပ်၍ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ရေဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရေဘေးသင့်ပြည်သူများအား ပျောက်ဆုံး၊ ပျက်စီးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များအား ဥပဒေနှင့်အညီ ပြန်လည်စိစစ်ထုတ်ပေးခြင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကယ်ဆယ်ရေးစခန်းများသို့ ကွင်းဆင်း၍ လွယ်ကူအဆင်ပြေစွာ ဆောင်ရွက်ပေးလျက်ရှိပါသည်။