ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့ရှိ မှတ်တမ်းဌာန (ရန်ကုန်) နှင့် ဝန်ကြီးဌာန ဂိုဒေါင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ယာယီနေရပ်စွန့်ခွာလာသည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ယာယီရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့ရှိ မှတ်တမ်းဌာန (ရန်ကုန်) နှင့် ဝန်ကြီးဌာန ဂိုဒေါင်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေး၊ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ယာယီနေရပ်စွန့်ခွာလာသည့် ဝန်ထမ်းများအားတွေ့ဆုံ၍ ယာယီရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးမှာကြား။

နေပြည်တော်၊ ဇန်နဝါရီ ၂၅။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၂၅) ရက်၊ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန၊ မှတ်တမ်းဌာန (ရန်ကုန်) သို့ သွားရောက်ရာဧည့်ခန်းမ၌ လုပ်ငန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းများအား ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခင်မှတ်တမ်းဟောင်းများအား လုပ်ငန်းဦးစားပေးအလိုက် သတ်မှတ်ဆောင်ရွက်ရန်နှင့် လေလွင့်ပျက်စီးမှုမရှိစေရေးနှင့် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်များဖြစ်၍ စနစ်တကျ မှတ်တမ်းတင်ဆောင်ရွက်ကြရန်မှာကြားသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခန်းမဆောင်အတွင်း၌ ဝန်ထမ်းများက ခေတ်အဆက်ဆက် ထိန်းသိမ်းထားရှိသည့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဆိုင်ရာ ကိုယ်ရေးမှတ်တမ်းမှတ်ရာများ၊ အထောက်အထား အချက်အလက်များအား နည်းပညာအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်သည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဌာနရှိ မှတ်တမ်းခန်းများအတွင်း မှတ်တမ်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ မှတ်တမ်းခန်းများ ပြန်လည်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား မှတ်တမ်းခန်းအလိုက် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပိုးမွှားများအန္တရာယ်မကျရောက်စေရေး အလေးဂရုပြု ဆောင်ရွက်ရန်မှာကြားသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် သာကေတမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဂိုဒေါင်များရှိရာ သာကေတဝန်းသို့ သွားရောက်ရာရှေးဦးစွာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက သာကေတဝန်းအတွင်း ရုံးများနှင့် ဝန်ထမ်းအိမ်ယာများ‌ နေရာချထားမှု၊ ဂိုဒေါင်တစ်ခုချင်းအလိုက် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ လုပ်ငန်းသုံးပုံစံများ၊ ရုံးသုံးပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။

          ထိုနောက် ပြည်ထောင်စုဝန်ကြီးသည် သာကေတဂိုဒေါင်ဝန်းအတွင်းရှိ  ဂိုဒေါင်များအလိုက် မှတ်တမ်းများထိန်းသိမ်းထားရှိမှု၊ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအတွက် စိစစ်ရေးကတ်ပြားများနှင့် လုပ်ငန်းသုံးပုံစံများ ထိန်းသိမ်းထားရှိမှု၊ ရခိုင်ပြည်နယ်မှ ယာယီရုံးဖွင့်လှစ်မည့် ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးအချို့မှ ရုံးသုံးပစ္စည်းနှင့် လုပ်ငန်းသုံးပုံစံများသိုလှောင်ထားရှိမှု  အခြေအနေများကိုလည်းကောင်း၊ စာရင်းဇယားမှတ်တမ်းပုံစံဟောင်းများ၊ ရုံးအသုံးအဆောင်ပစ္စည်းအဟောင်းများ ထိန်းသိမ်းထားရှိမှု အ‌ခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းတာဝန်ခံများက လိုက်လံရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဂိုဒေါင်များအလိုက် ထည့်သွင်းထားသည့် ပစ္စည်းစာရင်းဇယားများ စနစ်တကျ မှတ်တမ်းတင်ထိန်းသိမ်းထုတ်ပေးရေး၊ ပိုးမွှားများ အန္တရာယ်ကာကွယ်ရေးအတွက် အမြဲမပြတ် ကြည့်ရှုစစ်ဆေးဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်၍ ပစ္စည်းအမျိုးအစားအလိုက် ဦးစားပေး သတ်မှတ်ထားရှိရေး၊ ထိန်းသိမ်းထားရှိသည့်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ မိုးရာသီကာလတွင် ဂိုဒေါင်များအတွင်းနှင့်ပတ်ဝန်းကျင် ရေဝင်ရောက်မှုမရှိစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရေးနှင့် တာဝန်ရှိသူများက လိုအပ်သလို စစ်ဆေးကြပ်မတ်ဆောင်ရွက်ကြရေးမှာကြားကာ  လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဝန်းအတွင်းရှိ ဗိုလ်တထောင်ခရိုင်ဦးစီးမှူးရုံး၏ ရုံးအဆောက်အဦနှင့် ရုံးခန်းများအခြေအနေကိုလည်းကောင်း၊ သာကေတမြို့နယ်ဦးစီးမှူးရုံး၏ ရုံးခန်းများနှင့် မှတ်တမ်းခန်းအခြေအနေ၊ ဝန်ထမ်းများ၏လုပ်ငန်းဆောင်ရွက်မှုနှင့် Biometric ကောက်ယူ၍ Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တာဝန်ရှိသူများအား ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ယပ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဂရုပြုဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဓမ္မာရုံသို့သွားရောက်၍ အဆိုပါဓမ္မာရုံ၌ ရခိုင်ပြည်နယ်တောင်ပိုင်းမှ ယာယီရွှေ့ပြောင်းရောက်ရှိလာကြသည့် ခရိုင်နှင့်မြို့နယ်ဦးစီးမှူးရုံးအချို့မှ ဝန်ထမ်းများအားတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မိမိတို့၏ ရုံးဌာနများမှ ယာယီစွန့်ခွာရွှေ့ပြောင်းလာကြသည့် ဝန်ထမ်းများအတွက် ဒေသအလိုက် ဖြန့်ခွဲနေရာချထားကာ ယာယီရုံးခွဲများဖွင့်လှစ်ပေးထားမှု၊ ရခိုင်ပြည်နယ်မှ ယာယီရွှေ့ပြောင်းလာသည့်ဝန်ထမ်းများအား စစ်တွေမြို့နှင့် ရန်ကုန်မြို့တို့၌ ယာယီရုံးခွဲများ ဖွင့်လှစ်ထားရှိမှု၊ ယခုဝန်ကြီးဌာန၏ ဓမ္မာရုံ၌ ယာယီရုံးခွဲအဖြစ် နေရာချမှုအရ နေရာထိုင်ခင်းအခက်အခဲများရှိသော်လည်း စုစုစည်းစည်းဖြင့် စနစ်တကျနေထိုင်ကြရန်နှင့် ဝန်ထမ်းအချင်းချင်း ဖေးဖေးမမဖြင့် ကူညီရိုင်းပင်း ဆောင်ရွက်ကြရေး၊ ခရိုင်နှင့်မြို့နယ်အလိုက်ဝန်ထမ်းများသည် မိမိတို့ဒေသမှပြည်သူများအနေဖြင့် ဌာနနှင့်ပတ်သက်သည့်လုပ်ငန်းများ လာရောက်ဆက်သွယ်ဆောင်ရွက်ပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေး၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် အထက်အောက်အပြန်အလှန်လေးစားကာ ညှိနှိုင်းဆောင်ရွက်ကြရေး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးအနေဖြင့် လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရေးနှင့် အခက်အခဲများရှိပါက အဆင့်ဆင့်တင်ပြဆောင်ရွက်ကြရေးမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဓမ္မာရုံ၌ ယာယီရုံးခွဲများဖွင့်လှစ်ထားရှိမှု၊ ဝန်ထမ်းများ နေထိုင်သည့်အိပ်ဆောင်များနှင့် ရေ၊ မီး ရရှိမှု ၊ စားဖိုဆောင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။