
နေပြည်တော်၊ ဇန်နဝါရီ ၂၈။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်အတူ ဇန်နဝါရီလ ၂၈ ရက်၊ ယနေ့ နံနက် (၉) နာရီခွဲက ပဲခူးမြို့ရှိ သီရိဟံသာခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ပဲခူးခရိုင်နှင့် မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခု ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်မှုနှင့် ရွေးကောက်ပွဲ၏ အခြေခံအကျဆုံး ဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေ၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ကောက်ယူပြီးစီးမှုနှင့် ယခုအခါ ယင်းစာရင်းများ၏ လူဦးရေအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ဆောင်ရွက်နေမှုအခြေအနေ၊ ယင်းသို့ စိစစ်ဆောင်ရွက်ရာတွင် အချက်အလက်များ ကွဲလွဲမှုနှင့် မပြည့်စုံမှု၊ အချက်အလက်များထပ်နေမှုနှင့် မပါရှိမှုများ မဖြစ်ပေါ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်းဒေသကြီး စသည့် မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက အဆင့်ဆင့်စိစစ်အတည်ပြုဆောင်ရွက်၍ သတ်မှတ်ရက်အရောက် တင်ပြဆောင်ရွက်နိုင်ရေးအခြေအနေ၊ ယခုအခါ ပြည်လုံးကျွတ်သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ပြီးစီးမှုနှင့် ယင်းအချက်အလက်များအား မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခဲ့သည့် အချက်အလက်များနှင့် နှိုင်းယှဉ်သုံးသပ်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ပဲခူးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃) သောင်းကျော် ထုတ်ပေးရန်လျာထားမှုနှင့် လျာထားချက်ပြီးစီးအောင်မြင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်အဖြစ်ခံယူကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရေးအတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က စိစစ်ပြင်ဆင်အတည်ပြုဆောင်ရွက်နေမှုနှင့် သတ်မှတ်ရက်အရောက် တင်ပြဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) လျာထားချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များအပေါ် ပံ့ပိုးဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် တိုင်းဒေသကြီး ကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းများအောင်မြင်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက အဆိုပါကျောင်းရှိ အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် အဆင့်(၃) ဖြင့် လုပ်ငန်းစဉ်အဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နီလာကြည်အား အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများ ကျန်ရှိနေပါက မြို့နယ်ရုံးသို့ ဆက်သွယ် အကြောင်းကြား ဆောင်ရွက်နိုင်ရေး ရှင်းလင်းပြောကြားကာ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် နိုင်ငံသားကတ်ပြား ရရှိပြီးသည့်ကျောင်းသား၊ ကျောင်းသူများအား e-IDစနစ်ဖြင့် Biographic/Biometric ကောက်ယူကာ ဂဏန်း (၁၀) လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို One Stop Service ဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါလုပ်ငန်းဆောင်ရွက်မှုတွင် ကျောင်းသား၊ ကျောင်းသူ (၂၅၈) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ထုတ်ပေးပြီး Biometric ကောက်ယူကာ Unique ID နံပါတ် တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ပါသည်။