
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ပြည်ထောင်စုနယ်မြေ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ ဖေဖော်ဝါရီလ ၇ ရက်၊ နံနက်(၉)နာရီခွဲက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိ ခန်းမ၌ကျင်းပသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ပြည်ထောင်စုနယ်မြေ၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့တက်ရောက်သည်။
အစီအစဉ်အရ ရှေးဦးစွာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် လွတ်လပ်ပြီး တရားမျှတ သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးမှာ ပြည့်စုံ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းပင်ဖြစ်ပါကြောင်း၊ ပြည့်စုံမှန်ကန်သည့်မဲဆန္ဒရှင်စာရင်း ဆိုရာတွင် မဲစာရင်းပြုစုရာ၌ မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိပြီး မဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင် မပါရှိစေရေးအတွက် စနစ်တကျပြုစုထားသည့် မဲစာရင်းပင်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယင်းစာရင်းများကို လဝကမြို့နယ်ရုံးများရှိ ရုံးလက်ခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ပြင်ဆင် အတည်ပြု၍ အသက်(၁၈) နှစ်နှင့်အထက် လူဦးရေစာရင်းကို တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီသို့ ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအတည်ပြုစာရင်းများအား ဗဟို ကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ မဲစာရင်းပြုစုနိုင်ရေး ပေးပို့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်ရာ ယင်းလူဦးရေစာရင်းနှင့် မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် လူဦးရေစာရင်းအချက် အလက်များကို နှိုင်းယှဉ်သုံးသပ်ကာ ပြည့်စုံမှန်ကန်သည့်မဲစာရင်းကို ပြုစုဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ နှိုင်းယှဉ်သုံးသပ်မှုများအရ ရရှိလာသည့်အတည်ပြုလူဦးရေစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရာတွင် အချက်အလက်ကွဲလွဲမှုနှင့် မပြည့်စုံ၊ အချက်အလက်ထပ်နေမှုနှင့် မပါရှိမှုများမဖြစ်စေရေးအတွက် အောက်ခြေမြို့နယ်အဆင့်မှ စနစ်တကျ တိုက်ဆိုင်စိစစ်၍ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်များက စနစ်တကျပြန်လည်စိစစ် အတည်ပြုကာ သတ်မှတ်ရက်အရောက် ပေးပို့ကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အနေဖြင့် ပန်းခင်းစီမံချက် အဆင့်(၁)၊ (၂)၊ (၃) တို့တွင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုထပ်မံ၍ အသက်(၁၈)နှစ်ပြည့်လာမည့်သူများအတွက် ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်အထိ စုစုပေါင်းလူဦးရေ (၇) ထောင်ကျော်အား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် လျာထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအခါ ဒေသအချို့၌ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ် များကြောင့် ယာယီနေရပ်စွန့်ခွာ ရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိနေကြပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း၌လည်း အခြားဒေသအချို့မှ ယာယီရွေ့ပြောင်းနေထိုင်မှုများရှိနေသည့် အတွက် ယင်းတို့၏စာရင်း အချက်အလက်များ တိကျမှန်ကန်စွာ ရရှိရေးဆောင်ရွက်ရန် လိုအပ်သကဲ့ သို့ ရွှေ့ပြောင်းနေထိုင်သူများနှင့် ပတ်သက်၍ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက် ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန် ဆက်စပ်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည့်စုံပြီး တိကျမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိနိုင်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း နိုင်ငံသားကတ်ပြား ကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်သည့်အတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေး၊ ပြည့်စုံမှန်ကန်ရေးအတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက် အဆင့်(၃) လျာထားသတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ယာယီရွှေ့ပြောင်း နေထိုင်လာသူများအား စာရင်းကောက်ယူပြုစုဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများကလုပ်ငန်းများအောင်မြင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက် နေမှုအခြေအနေများ၊ မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေး နိုင်ရေး ဆောင်ရွက်နေမှုများနှင့်လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(မိုးစွေ)သို့ သွားရောက်၍ အဆိုပါကျောင်း ဘုရင့်နောင်ဆောင်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများ၊ နယ်မြေခံတပ်နယ်မှ မိသားစုဝင်များနှင့် မိုးစွေကျေးရွာမှ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်ဆောင်ရွက်ပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားကတ်ပြား ရရှိသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ် ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မိုးမိုးနှင့်တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး လာရောက်ဆောင်ရွက်ကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်းနှင့် အဆိုပါ ဆောင်ရွက်မှုများတွင် မိုးစွေကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (မိုးစွေ) မှ ကျောင်းသား၊ ကျောင်းသူများ၊ နယ်မြေခံတပ်နယ်မှ မိသားစုဝင်များနှင့် မိုးစွေကျေးရွာမှဒေသခံပြည်သူ စုစုပေါင်း (၁၇၂) ဦးအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးပြီးနောက် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးခြင်းကို One Stop Service ဖြင့် တစ်ပါတည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုးစွေကျေးရွာရှိ ဥတ္တရရာမတပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိစိတ္တနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။