ပြည်ထောင်စုဝန်ကြီးသည် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အခြေခံကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေး အလေးထားရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီးသည် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ရွေးကောက်ပွဲအောင်မြင်ရေးအတွက် အခြေခံကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရေး အလေးထားရန်တိုက်တွန်း။

မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၅) ကို စက်တင်ဘာလ (၁၈) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ ဝန်ကြီးဌာန အသီးသီးမှ  အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့မှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီက အထက်ဌာနအဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက် ရရှိပြီးဖြစ်သည့်  အသက်(၁၈)နှစ်နှင့်အထက်ရှိသူများ၏ အတည်ပြုလူဦးရေစာရင်းကို မဲဆန္ဒရှင် စာရင်းပြုစုရာမှာ အခြေခံအသုံးပြုနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ခဲ့ ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ အတည်ပြုစာရင်းများပေးပို့ခဲ့ပြီးဖြစ်သော်လည်း ရွေးကောက်ပွဲမကျင်းပမီ ကြားကာလတွင် လူဦးရေပြောင်းလဲမှုများသည် နေ့စဉ်နှင့်အမျှဖြစ်နိုင်ခြင်းကြောင့် ယင်းကြားကာလအတွင်း ပြောင်းလဲလာမည့်လူဦးရေစာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးချပြဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း မဲစာရင်းတွင်ပါဝင်ရမည်ဖြစ်သကဲ့သို့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် လိုအပ်ချက် များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်နှင့် ဗဟိုကော်မတီတို့သည် မကြာမီကျင်းပတော့မည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံး အရေးကြီးဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်း တိကျမှန်ကန်ရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပါတီစုံဒီမိုကရေစီအထွေထွေ  ရွေးကောက်ပွဲအပိုင်း(၁)ကို လာမည့် ဒီဇင်ဘာလ(၂၈)ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ အဆိုပါကာလတွင် ရှိမည့် အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကို ကော်မတီအဆင့်ဆင့်က စိစစ် အတည်ပြုတင်ပြခဲ့ကြပြီး ဗဟိုကော်မတီက ထပ်မံအတည်ပြုစာရင်းချုပ်၍ အထက်ဌာန အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရရှိခဲ့ခြင်းကြောင့် ယင်းစာရင်းများကို အခြေခံမဲစာရင်းပြုစုနိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပေးပို့ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းစာရင်းများသည် မဲစာရင်းအတွက်အခြေခံရမည့် အသက်(၁၈) နှစ်အထက် လူဦးရေစာရင်းသာဖြစ်ပြီး မဲဆန္ဒရှင်စာရင်း နှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ အတည်ပြုထုတ်ပြန်မည် ဖြစ်ပါကြောင်း၊ ယခုကြားကာလအတွင်း မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လဝက စသည့် ဌာန(၃)ခုအနေဖြင့် လက်ရှိမြေပြင်တွင် အကြောင်းအမျိုးမျိုး ကြောင့် မိမိမြို့နယ်အတွင်း ပြောင်းဝင်/ပြောင်းထွက်ကြသည့်စာရင်းများ၊ ကွယ်လွန်သွားသူများကို အချိန်နှင့်တစ်ပြေးညီ တိုက်ဆိုင်စိစစ်ပြီး လဝက၏ လက်ရှိအိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုက်ညီ စေရေး စဉ်ဆက်မပြတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေကြရန်လိုကြောင်း၊ ရွေးကောက်ပွဲဥပဒေအရ သာသနာ့ဝန်ထမ်းများအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်မရှိသည့်အတွက် မဲဆန္ဒရှင်စာရင်းမှာ မပါရှိစေရေး ကိုလည်း သာသနာရေးဦးစီးဌာန၊ သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ စနစ်တကျ အလေးအနက်ထား မှတ်တမ်းတင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ အကြမ်းဖက်ဖြစ်စဉ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ရွှေ့ပြောင်းနေထိုင်ကြသူများစာရင်းကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့က ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုပေးပို့ရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ကလည်း ၎င်းပုဂ္ဂိုလ်များမဲပေးရန် လျှောက်ထားလာပါက အတည်ပြုစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ မကျင်းပမီကြားကာလအတွင်း ပြောင်းလဲမှုရှိသည့် လူဦးရေစာရင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်လဝကနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး အဆိုပါစာရင်းများ အပြောင်းအလဲရှိတိုင်း မြို့နယ်လဝကရုံးက သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို စာရင်းပြုစုအကြောင်းကြားပေးပို့ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကလည်း ခရိုင်/ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်းတင်ပြကြပြီး နောက်ဆုံးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြကြရန်ဖြစ်ပါကြောင်း၊ ယင်းပြောင်းလဲမှုရှိသည့်စာရင်းများကို သက်ဆိုင်ရာမြို့နယ် လဝက ကလည်း မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်ကို လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့်တင်ပြကြ ရမည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်မှုကော်မတီများက လူဦးရေအတိုးအလျော့ ပြောင်းလဲမှုများကို စစ်ဆေးကြီးကြပ်အတည်ပြုရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ရွေးကောက်ပွဲမတိုင်မီ ကြားကာလအတွင်း လူဦးရေအတိုးအလျော့ ပြောင်းလဲမှုများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ချက်ချင်းသိရှိပြင်ဆင်ပြီး တိကျမှန်ကန်သည့်မဲစာရင်းကို အချိန်မီပြုစုထုတ်ပြန် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ယင်းစာရင်းများကို သက်ဆိုင်ရာမြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီများကလည်း အချိန်မီသိရှိပြီး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင် မဲပေးနိုင်ရေးနှင့် မဲစာရင်းတွင်ပါဝင်ပြီး ကိုင်ဆောင်ကတ်ပြားမရှိသူများ မကျန်ရှိစေရေးအတွက် မိမိတို့ဝန်ကြီးဌာနက ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ်များကို လည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် ကော်မတီအဆင့်ဆင့်က အခက်အခဲများ ကြားက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုအတွက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း၊ ယခု အစည်းအဝေးတွင် လုပ်ငန်းဆိုင်ရာအခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြရန်နှင့် နိုင်ငံတော်၏ အနာဂတ်အတွက်မဖြစ်မနေ အောင်မြင်အောင် ဆောင်ရွက်ကြရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက လက်ရှိလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲမတိုင်မီကြားကာလအတွင်း လူဦးရေပြောင်းလဲမှုများအပေါ် အဆင့်ဆင့်တင်ပြဆောင်ရွက်သွားမည့်အစီအစဉ်၊ ပန်းခင်းစီမံချက် အဆင့်(၃) လျာထားချက်ပြည့်မီ ပြီးစီးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအချိန်မီ ပြီးစီးနိုင်ရန်ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်ရေး အတွက် အခြေခံအကျဆုံးလုပ်ငန်းစဉ်များကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။