
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စု အစီရင်ခံစာ အောင်မြင်စွာထုတ်ပြန်နိုင်ရေးအတွက်ကျင်းပသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဆဋ္ဌမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ (၂၂) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သည့် ဝန်ကြီးဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယခုညှိနှိုင်းအစည်းအဝေးကို မကြာမီနိုင်ငံတော်အဆင့်ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားအစီအစဉ်အရဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် ကော်မရှင်အဖွဲ့ဝင်များနှင့် ပတ်သက်ဆက်စပ်သည့်ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များကို အကြုံပြုညှိနှိုင်းဆွေးနွေး ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်း လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ဦးဆောင်လမ်းညွှန်မှု၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှု၊ သန်းခေါင်စာရင်းမေးခွန်းများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပံ့ပိုးကူညီပေးကြသည့် ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လုံခြုံရေးနှင့်လမ်းပမ်းဆက်သွယ်ရေး အခက်အခဲများ ကြားမှ စီမံချက်ပါ သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ကောက်ယူရရှိသည့် အချက်အလက်များကို အချက်အလက်အသုံးပြုသူများ၊ အစိုးရဌာနအဖွဲ့အစည်းများ လတ်တလောအသုံးပြုနိုင်ရေး အတွက် သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနောက် စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများနှင့် ပြည်ထောင်စုအစီရင်ခံစာများ ရေးသားပြုစုခြင်းလုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုပြုစုပြီး ဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနဲ့ ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်း စသည့်အကြောင်းအရာများ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုအစီရင်ခံစာနှင့်အတူ အချက်အလက်အသုံးပြုသူများ လွယ်လွယ်ကူကူသိရှိအသုံးပြုနိုင်ရန် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများ အစီရင်ခံစာတို့ကိုပါ တစ်ပါတည်း ထုတ်ပြန်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအစီရင်ခံစာများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုရမည့် လူဦးရေနှင့်လူမှုဘဝဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန် ကြေညာခြင်းကို နိုင်ငံတော်အဆင့်အခမ်းအနားအဖြစ် ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်အရ ဖွဲ့စည်းထားသည့် ဆပ်ကော်မတီများအလိုက် သတ်မှတ်ထားရှိသည့်လုပ်ငန်း တာဝန်များကို အချိန်မီပြီးစီးအောင်မြင်ရေးအတွက် အချင်းချင်း အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ သန်းခေါင်စာရင်း၏ အနှစ်သာရသည် စာရင်းကောက်ယူနိုင်ခြင်းသာမက သန်းခေါင်စာရင်းအချက်အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများနှင့် စာရင်းအင်းအသုံးပြုသူများ လက်ဝယ် ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှသာ သန်းခေါင်စာရင်းအောင်မြင်သည်ဟု ဆိုနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ကြေညာမည့် နိုင်ငံတော်အဆင့်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ သတ်မှတ်ချိန်အမီ ပြီးစီးရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များ၊ အချင်းချင်းပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်းနှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပနိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ အခမ်းအနားနှင့်ပတ်သက်၍ဆောင်ရွက်ရမည့် ဆက်စပ်ဌာနများမှကိုယ်စားလှယ်များက ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့်အခြေအနေများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြ ဆောင်ရွက်ကြရေးနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။




