ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို မကြာမီကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဗဟိုကော်မတီဝင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို အောက်တိုဘာလ ၃ ရက်၊ ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျ်းပရာ အစည်းအဝေးသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ အခမ်းအနားကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့်အဖွဲ့ဝင်များ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မကြာမီ နိုင်ငံတော်အဆင့်ကျင်းပမည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ ဗဟိုကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်က ကျင်းပခဲ့သည့် ဗဟိုသန်းခေါင် စာရင်းကော်မရှင် ဆဋ္ဌမအကြိမ်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြု၍ လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီအလိုက်လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက် အခက်အခဲများရှိပါက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တက်ရောက် လာကြသူများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ပြီးပြည့်စုံသည့် ပြင်ဆင်မှုများ ဖြစ်စေရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးပေးကြ စေလိုပါ ကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဆပ်ကော်မတီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ လုပ်ငန်းများ သတ်မှတ်ချိန် အမီပြီးစီးရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီး ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိုင်ငံတော်အဆင့်ကျင်းပမည့် သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန်နှင့် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။