ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်။

မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၅)ကို အောက်တိုဘာလ(၁၀)ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကြီးကြပ်မှုဗဟိုကော်မတီဝင် များဖြစ်ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ဝန်ကြီးဌာနအသီးသီးမှ  အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်မှစ၍ ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန် ကြေညာခဲ့ပြီးလာမည့် နိုဝင်ဘာလအတွင်း ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ကြေညာ မည်ဖြစ်သည့်အတွက် ယင်းကြားကာလအတွင်းမဲစာရင်းကွဲလွဲမှု၊မပြည့်စုံမှုစသည့် လိုအပ်ချက်များ ရှိပါက အချိန်မီပြင်ဆင်၊ ဖြည့်စွက် အတည်ပြုဆောင်ရွက်နိုင်ရေးနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာတွင် ပြည့်စုံမှန်ကန်သည့် မဲစာရင်းဖြစ်စေရေးတို့အတွက် လိုအပ်သည်များညှိနှိုင်း ဆွေးနွေးရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ရာ တွင် အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ် ရှိနေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိအမည် မဲစာရင်းတွင် ပါ/မပါ ၊ အချက်အလက် ပြည့်စုံမှန်ကန်မှု ရှိ/မရှိ မဲစာရင်းထုတ်ပြန်ကြေညာထားသည့်နေရာများသို့ လာရောက်ကြည့်ရှုနိုင်ရေး နှင့်ပြင်ဆင်ဖြည်စွက်ရန် လိုအပ်ချက်များရှိပါက ကာယကံရှင်အနေဖြင့် ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သတ်မှတ်ပုံစံများဖြင့် ဖြည့်စွက်တင်ပြ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် နှိုးဆော်အသိပေးကြရန် လိုအပ်ပါကြောင်း၊ ယခုပထမအကြိမ် ထုတ်ပြန်ကြေညာထားသည့် မဲစာရင်းသည် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုထားသည့် အသက်(၁၈) နှစ်နှင့်အထက် အတည်ပြုလူဦးရေ စာရင်းကိုအခြေခံကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီ ထပ်မံစိစစ်၍ ထုတ်ပြန်ထားခြင်းဖြစ်ပါကြောင်း၊ လက်ရှိ အတည်ပြုလူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်း အချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုလူဦးရေစာရင်း ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက် မဲစာရင်းပြုစုရာတွင် ကျန်ရှိနေခြင်းနှင့် ကွဲလွဲနေခြင်းတို့ကြောင့်ဖြစ်ပါကြောင်း၊ ယင်းတို့ကိုလည်း ရွေးကောက်ပွဲနည်း ဥပဒေပါ သတ်မှတ်ပုံစံများ ဖြည့်စွက်၍ မဲစာရင်းတွင်ပါရှိစေရေး၊ အချက်အလက်ကွဲလွဲမှုမရှိစေရေး ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကွယ်လွန်(သေဆုံး) စာရင်းများ မဲစာရင်းတွင်ပါဝင်မှု အနည်းငယ်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဥပဒေအရ ကွယ်လွန်(သေဆုံး) မှုကို သေဆုံးလက်မှတ် တင်ပြ၍ အိမ်ထောင်စုလူဦးရေစာရင်းမှပယ်ဖျက်ရန် မိသားစုမှ စတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း သေဆုံးလက်မှတ်ထုတ်ပေးရန် ဆေးရုံ/ဆေးခန်းမရှိသည့် နယ်မြေများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှ ထောက်ခံစာဖြင့် အိမ်ထောင်စု လူဦးရေစာရင်းမှပယ်ဖျက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊ သို့သော်လည်း ယင်းသို့ဆောင်ရွက်မှု အားနည်းသဖြင့် ကွယ်လွန်(သေဆုံး) အမည်စာရင်းတစ်ချို့ပါဝင်မှုကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများတွင် ကွယ်လွန်(သေဆုံး) စာရင်းများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ သတင်းပို့ပယ်ဖျက်ရန် နယ်မြေလူထုအားအသိပညာပေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက်လည်း သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်မှုရှိစေရေးနှင့် မဲပေးပိုင်ခွင့်မရှိသူများ မပါဝင်စေရေးအတွက် မိမိတို့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က အလေးထားကြပ်မတ် စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း မထုတ်ပြန်မီ ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှု၏လိုအပ်ချက်များ၊ မပြည့်စုံမှုများအပေါ် အောက်ခြေမြို့နယ်အဆင့်၊ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှစ၍ အချိန်နှင့် တစ်ပြေးညီ စနစ်တကျ စိစစ် ပြင်ဆင် ဖြည့်စွက်အတည်ပြုပြီး ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့်က ကြပ်မတ်ကြီးကြပ် ၍ ထပ်မံစိစစ်အတည်ပြုကာ လက်ရှိအသက်(၁၈) နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းအား ဗဟိုကော်မတီသို့ သတ်မှတ်ရက်အရောက်ပြုစုပေးပို့ကြရန်နှင့် ဗဟိုကော်မတီမှ အထက်အဆင့်ဆင့် သို့ တင်ပြခွင့်ပြုချက်ရယူ၍ ဒုတိယအကြိမ်မဲစာရင်းပြုစုထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေး တွင် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းထုတ်ပြန်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက် များ၊ အတည်ပြုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ နှင့် ဗဟိုကော်မတီမှ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင်အစည်းအဝေး ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ပထမအကြိမ် မဲဆန္ဒရှင် စာရင်း ထုတ်ပြန်ကြေညာရာတွင် တွေ့ကြုံရသည့်လုပ်ငန်းအခက်အခဲများ၊ ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်စွာထုတ်ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများ၊ အတည်ပြု လူဦးရေစာရင်းအား သတ်မှတ်ကာလအတွင်း စိစစ်အတည်ပြုပေးပို့ဆောင်ရွက်မည့် အခြေအနေများနှင့် ပန်းခင်းစီမံချက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များအပေါ် ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။