ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြား။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာ-လာအို ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အဖွဲ့အား အောက်တိုဘာလ ၂၄ ရက်၊ ယနေ့နံနက် (၁၀) နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာ-လာအိုချစ်ကြည်ရေး အသင်း ဖွဲ့စည်းဆောင်ရွက်နိုင်မှုအတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှုဆိုင်ရာလုပ်ငန်း များတွင် ပိုမိုကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာ-လာအိုနှစ်နိုင်ငံအနေဖြင့် အိမ်နီးချင်း ကောင်းပီသစွာ နှစ်နိုင်ငံအကျိုးအတွက် အစဉ်အဆက် အပြန်အလှန် လက်တွဲပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မြန်မာ-လာအိုနှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် ဝမ်ပုံ-ဘန်မောင်မန်း နယ်စပ်ဂိတ်၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျိုင်းလတ်-စီအင်ကောက်နယ်စပ်ဂိတ်အား နှစ်နိုင်ငံ သဘောတူညီမှုဖြင့် လုပ်ငန်းဆောင်ရွက် လျက်ရှိသော်လည်း MoU တွင် ဖြည့်စွက်ထည့်သွင်း ဆောင်ရွက်နိုင်ပါက နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှု ပိုမိုအဆင်ပြေ နိုင်မည့်ဖြစ်ပါကြောင်း၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း အနေဖြင့် ဝန်ကြီးဌာနနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပေးရန် ကိစ္စရပ်များရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြား သည်။

ထို့နောက် မြန်မာ-လာအိုချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမောင်က အသင်းဖြစ်ပေါ်လာပုံ နှင့် ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေ၊ ယခု လာရောက်တွေ့ဆုံရသည့် အကြောင်းရင်းတို့ကို ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။