၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်များမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ များနှင့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များတွင် ပါဝင်အားဖြည့်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များက “နိုင်ငံ့အကျိုးသယ်ပိုးဆောင်ကြဉ်း၊ သန်းခေါင်စာရင်း” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ယနေ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်မှု သည် နိုင်ငံတော်အတွက် အဖိုးတန်သည့် စာရင်းအင်း၊ ကိန်းဂဏန်းအချက်အလက်များဖြစ်သော ကြောင့် ပိုမိုလေးနက်ပြီး အဓိပ္ပါယ်ရှိသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာသည် နိုင်ငံၑ လက်ရှိဖြစ်ပေါ်နေသည့် လူဦးရေပြောင်းလဲလာမှုနှင့် မြို့ပြ၊ ကျေးလက်အလိုက် လူဦးရေအခြေ အနေ၊ နိုင်ငံသူ နိုင်ငံသားများ၏ ပညာရေးအဆင့်အတန်း၊ လုပ်သားအင်အားအခြေအနေနှင့် အလုပ်လုပ်ကိုင်မှု၊ ရွှေ့ပြောင်းသွားလာမှုနှင့် ၎င်းတို့၏ နေထိုင်မှုပုံစံ စသည့်အခြေအနေများနှင့် မိမိတို့မြန်မာနိုင်ငံ၏ အနာဂတ်ကို မီးမောင်းထိုးပြနေသည့် နေ့စဉ်လူနေမှုဘဝပုံစံများကို ထုတ်ဖော်ပြသခြင်းပင်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာပါ ကိန်းဂဏန်းအချက်အလက်များသည် ယနေ့ မိမိတို့ မည်သို့အခြေအနေရှိသည်ဆိုသည်ကို ထင်ဟပ်ပြသနေပြီး မနက်ဖြန်တွင် မည်သည့် အခြေအနေဖြစ်လာနိုင်မည်ဆိုသည်ကို ညွှန်ပြနေသည့် နိုင်ငံတော်၏ကြေးမုံပြင်တစ်ချပ်ဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှု သမိုင်းကြောင်းကို ပြန်လည်လေ့လာသုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ် အတွင်း သန်းခေါင်စာရင်း (၈) ကြိမ်ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် လူဦးရေသန်းခေါင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းနှင့်ဆိုပါက (၄) ကြိမ် ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယုံကြည်အားထားရသော အချက်အလက်မရှိသည့် နိုင်ငံသည် သံလိုက်အိမ်မြှောင်မပါဘဲ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်နေခြင်းနှင့် တူနေသည် ဟု ဆိုကြကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းက မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးမှုလမ်းကြောင်းကို ပြသ နေသည့် သံလိုက်အိမ်မြှောင်ဟု တင်စားလိုကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်းဆိုသည်မှာ နိုင်ငံ၏ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်ကြောင်း၊ စီမံကိန်း ရေးဆွဲသူများ၊ မူဝါဒချမှတ်သူများအနေဖြင့် ပိုမိုကောင်းမွန်သည့် ပညာရေးမျှော်မှန်းချက်များ ဖော်ဆောင်ရန်၊ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ မြှင့်တင်ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်၊ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ချဲ့ထွင်ရန် စသည့်လုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သန်းခေါင်စာရင်းအချက်အလက်များသည် ယုံကြည် အားထားရသည့် နိုင်ငံ၏ အသက်သွေးကြောဟုဆိုနိုင်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေကုန်ကြေးကျမှုလည်း များလွန်းသည့်လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာစာရင်းအင်း အချက် အလက်များရရှိရန် အရေးကြိးပြီး ကုလသမဂ္ဂ၏ အကြုံပြုချက်အရ နိုင်ငံတကာလုပ်ထုံးလုပ်နည်း များနှင့်အညီ သန်းခေါင်စာရင်းကို (၁၀) နှစ်တစ်ကြိမ်ကောက်ယူရန်လိုအပ်ကြောင်း၊ ထို့ကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကြားထဲကပင် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန် တွန်းအားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းတွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးသည့်နောက် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်ပြီး အခြေခံအချက်အလက်အနေဖြင့် ချက်ချင်းအသုံးပြုနိုင်ရန် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ဦးစွာထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသန်းခေါင်စာရင်း အချက်အလက်များကို ဆန်းစစ်လေ့လာထားသည့် ကိန်းဂဏန်းအချက်အလက်များနှင့် အညွှန်းကိန်းများပါဝင်သော သန်းခေါင်စာရင်းပင်မအစီရင်ခံစာဖြစ်သည့် ပြည်ထောင်စုအစီရင်ခံစာ၊ အသုံးပြုသူများ လွယ်လွယ်ကူကူ ထုတ်နုတ်အသုံးပြုနိုင်မည့် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်း ဇယားများကို ယနေ့ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ယင်းအစီရင်ခံစာများတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာ စသည့် အခန်းကဏ္ဍများ ပါဝင်ပြီး မိမိတို့နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှုများစွာရရှိစေနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်လုပ်ငန်းစီမံကိန်းများ အတွက်လည်း များစွာအသုံးဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်ရေးအတွက် အခြေခံအကျဆုံး ဖြစ်သည့် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရာတွင်လည်း ယခုသန်းခေါင်စာရင်း၏ လူဦးရေကိန်းဂဏန်းများက အထောက်အကူပြုလျက်ရှိကြောင်း၊ သန်းခေါင်စာရင်းက ဖော်ထုတ် ရရှိသည့် ပညာအရည်အချင်းအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက်၊ နေထိုင်မှုပုံစံအလိုက် လူဦးရေကို သိရှိခြင်းအားဖြင့် ယင်းတို့နှင့်ပတ်သက်ပြီး လိုအပ်သည့်အစီအမံများ ရေးဆွဲချမှတ် နိုင်ရန် အခြေခံအရင်းအမြစ်များကို ဖန်တီးပံ့ပိုးပေးနိုင်မည်ဖြစ်သကဲ့သို့ လိုအပ်သည့်လုပ်သား အင်အားကိုလည်း လေ့ကျင့်မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လုပ်သားလိုအပ်ချက်များကို အခြေခံပြီး နှစ်စဉ်တက္ကသိုလ် ဝင်ခွင့်နှင့် သက်မွေးပညာဆိုင်ရာ ကျောင်းဝင်ခွင့်များနှင့်ပတ်သက်သည့် လူဦးရေလျာထား တွက်ချက်ရာတွင်လည်း အခြေခံအချက်အလက်များ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ယခု လုပ်ငန်းခွင်များတွင် ကျွမ်းကျင်မှုလိုအပ်သည့် သို့မဟုတ် အရည်အသွေးမြှင့်တင်လိုသည့် လုပ်သားများအတွက်လည်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို လိုအပ်သလို စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပညာရေးနှင့် လုပ်သားအင်အားဆိုင်ရာ အချက်အလက်များကို ချိတ်ဆက်အသုံးပြုပြီး သက်မွေးပညာ သင်တန်းကျောင်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြင့် ကျွမ်းကျင်မှုရှိသည့် လုပ်သားအရင်းအမြစ်ကို ပျိုးထောင်ပေးနိုင်ကသဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အလားတူ လူမှုဖူလုံရေး၊ သက်ကြီးရွယ်ဆိုစောင့်ရှောက်ရေး၊ မသန်စွမ်းများမှတ်ပုံတင်ရေးနှင့် ထောက်ပံ့ပေးရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း လိုအပ်သည့်အချက်အလက်များ ပံ့ပိုး ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်ပြည့်စုံမှု သည် ဘင်းနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ အုပ်ချုပ်မှုအရည်အသွေးနှင့် နိုင်ငံရေးတည်ငြိမ်မှုတို့ကို သွယ်ဝိုက်ညွှန်းဆိုဖော်ပြနေသည်ဟုဆိုနိုင်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံ ခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရေးအခြေခံအသုံးပြုရန် လိုအပ်သည့် အချက်အလက်များကို သန်းခေါင်စာရင်းကနေရရှိနိုင်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်မှုဧရိယာအသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို သန်းခေါင်စာရင်းများကသာ ပံ့ပိုးပေးနိုင်ခြင်းဖြစ်ကြောင်း၊ သန်းခေါင်စာရင်း၏ဖော်ပြချက်များသည် မိမိတို့နိုင်ငံ၏ အခွင့်အလမ်းများနှင့်အတူ ယှဉ်တွဲပြီးလုပ်ဆောင်ရမည့်တာဝန်များကိုလည်း တစ်ပါတည်း ညွှန်းဆိုဖော်ပြလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံများထက် လူဦးရေသိပ်သည်းမှု သိသိသာသာ နည်းပါး နေကြောင်း၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့နိုင်ငံ၏လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကို တွေ့ရှိရ ကြောင်း၊ ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစု ပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်သလို အခွင့်အလမ်းတစ်ခုဟုလည်း မှတ်ယူနိုင်ကြောင်း၊ ပြည်ပရွှေ့ပြောင်းခြင်းကလည်း မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းတွင်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အိမ်နီးချင်းနိုင်ငံ များ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် တည်မှီနေခြင်းကြောင့် မိမိတို့နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများ မြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေသည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Demographic Bonus ဟုခေါ်သည့် လူဦးရေဆုလာဘ်ရရှိနေဆဲကာလဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ ၎င်းလူငယ်လူရွယ်များကို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တွင် မှန်ကန်ထိရောက်စွာ အကျိုးရှိရှိဆောင်ရွက်နိုင်ရန် စီမံပေးရန်အရေးကြီးကြောင်း၊ ကမ္ဘာ့ နိုင်ငံတော်တော်များများတွင် လူငယ်များကို မြေတောင်မြှောက်ပြုစုပျိုးထောင်ပေးပြီး အခွင့် အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးသည့်အခါတွင် ၎င်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားများဖြစ်လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့လူငယ်များကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံပေးခြင်းဖြင့် အနာဂတ်တွင် လူဦးရေဆုလာဘ်၏ ကောင်းကျိုးများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ လူငယ်များကို လျစ်လျူရှုထားပါက Demographic Burden နှင့်အတူ တည်ငြိမ်အေးချမ်းမှုလျော့နည်းလာနိုင်သလို အဆိုးဆုံးအခြေအနေအဖြစ် Demographic Disaster ဖြစ်သွားနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် မြေအရင်းအမြစ်၊ ရေအရင်းအမြစ်၊ သယံဇာတအရင်းအမြစ်များနှင့် လိုက်လျောညီထွေဖြစ်မည့် ရှိသင့်ရှိထိုက်သည့် လူဦးရေဖြစ်ပေါ်လာစေရန် မိမိနိုင်ငံနှင့် ကိုက်ညီသည့် လူဦးရေမူဝါဒများကို ရေးဆွဲချမှတ်ပြီး မျိုးဆက်တစ်ခုစာ ကြိုတင်မြော်တွေးကာ ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုရေတွင်းတူး ယခုရေကြည်သောက်ချင်၍ မရနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုကို ပြည်ပအကူအညီမပါဘဲ ပြည်တွင်းအား ဖြင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် နိုင်ငံအတွက် ဂုဏ်ယူရမည့် အမျိုးသားရေးလုပ်ငန်းစဉ်အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယနေ့ သန်းခေါင်စာရင်းပြည်ထောင်စု အစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားသည် မြန်မာနိုင်ငံ နိုင်ငံသားများ၏ စည်းလုံးညီညွတ်သည့် စုပေါင်းအားဖြင့် ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုအဖြစ် ကမ္ဘာ့အလယ်တွင် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခြင်းလည်းဖြစ်ကြောင်း၊ မိမိရှေ့တွင်ဆိုခဲ့သည့်အတွင်း ၂၀၂၄ သန်းခေါင်စာရင်း အစီရင်ခံစာသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒချမှတ်နိုင်ရန် လမ်းပြမြေပုံတစ်ခု အဖြစ် အကျိုးရှိရှိအသုံးပြုရန်အရေးကြီးကြောင်း၊ ယင်းကိန်းဂဏန်းအချက်အလက်များကို ဆန်းစစ်လေ့လာသုံးသပ်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဖော်ဆောင်ကြရ မည်ဖြစ်ကြောင်း၊ ထိုသို့ဖော်ဆောင်ရာတွင် လူငယ်လူရွယ်များ အရည်အသွေးမြင့်မားရေးအတွက် စီမံဆောင်ရွက်ပေးပြီး အခွင့်အလမ်းများ၊ မျှော်လင့်ချက်များ ဖန်တီးပေးကြရန်၊ ပညာရေးကို လုပ်သားဈေးကွက်လိုအပ်ချက်များနှင့် ချိန်ညှိပေးပြီး ခိုင်မာသည့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ထူထောင်ပေးကြရန်၊ နည်းပညာနှင့် မောင်းနှင်သည့်အနာဂတ်ဖြစ်စေရန် မိမိတို့၏ လုပ်သားအင်အားကို ပြင်ဆင်နိုင်အောင် ကြိုးစားကြရန်၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ နှင့် ထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ တည်ထောင်ပေး ကြရန်၊ နိုင်ငံတွင်း၌ ရေရှည်တည်တံ့ပြီး အရည်အသွေးရှိသည့် အလုပ်အကိုင်များ ဖန်တီးပေးခြင်း ဖြင့် ရွှေ့ပြောင်းခြင်းကို အကျိုးရှိအောင် စီမံခန့်ခွဲပေးကြရန်၊ မိမိတို့နိုင်ငံ၏ လူဦးရေဖွဲ့စည်းမှုနှင့် အညီ မြေ၊ ရေနှင့် သဘာဝအရင်းအမြစ်များကို အကျိုးရှိရှိ မျှတစွာအသုံးပြုနိုင်အောင် စီမံပေးကြ ရန်၊ ယနေ့ ကျောင်းစာသင်ခန်းတွင်ရှိနေသည့် ကလေးတိုင်းသည် မြန်မာနိုင်ငံ၏ အနာဂတ်ကို ပခုံးပြောင်းပုံဖော်မည့် အသိပညာရှင်၊ အတတ်ပညာရှင်အဖြစ်မှတ်ယူပြီး ပညာရေးကို မြှင့်တင် ပေးကြရန် မှာကြားလိုကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ရလဒ်များကို မူဝါဒ၊ စီမံကိန်းများရေးဆွဲချမှတ်သူများ၊ အချက်အလက်အသုံးပြုသူများအားလုံး အကျိုးရှိရှိအသုံးပြုနိုင်ရန် ယနေ့ထုတ်ပြန်ပါကြောင်းကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာအပ် ကြောင်းပြောကြားသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းရလဒ်များကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး “မြန်မာ့ပုံရိပ်ကို ထင်ဟပ်ဖော်ညွှန်းမည့် ၂၀၂၄ သန်းခေါင်စာရင်း” အမည်ရသည့် သန်းခေါင်စာရင်းလုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသသည်။
ဆက်လက်၍ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြဝတီတေးဂီတအဖွဲ့မှ ယိမ်းအဖွဲ့များက “နိုင်ငံ့အကျိုးမျှော်ကိုးရည် ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” သီချင်းဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား က “ငြိမ်းချမ်းကြစို့ ရွှေပြည်မြန်မာ” သီချင်းဖြင့်လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များက “အောင်မြင်ခြင်း မင်္ဂလာ” သီချင်းဖြင့် လည်းကောင်း သီဆို၊ ကပြ ဖျော်ဖြေကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတာ်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ခြင်းအထိမ်းအမှတ်ပြခန်း အတွင်း ခင်းကျင်းပြသထားမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာ လှည့်လည် ကြည့်ရှုခဲ့ကြကြောင်းသိရသည်။




