ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား (၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲ သို့ တက်ရောက်၍ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်၊ မြောင်းမြမြို့ရှိ မဲရုံများဖွင့်လှစ်ထားရှိမှု ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား (၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲ သို့ တက်ရောက်၍ ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်၊ မြောင်းမြမြို့ရှိ မဲရုံများဖွင့်လှစ်ထားရှိမှု ကြည့်ရှုအားပေး။

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား ဇူလိုင်၊ဩဂုတ်၊စက်တင်ဘာ  (၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ဒီဇင်ဘာလ (၂၇)ရက်၊ ယနေ့ နံနက် (၉)နာရီခွဲက ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊‌မြောင်းမြခရိုင်နှင့်ဝါးခယ်မမြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊တိုင်းဒေသကြီး/ ပြည်နယ်တစ်ချို့မှ အကြောင်းအမျိုးမျိုးကြောင့် ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်း နေထိုင်ကြသည့် ပြည်သူများ တက်ရောက်ကြသည်။

အစီစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံ၏ဒေသတစ်ချို့၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များနှင့် သဘာဝ ဘေးအန္တရာယ်များ အပါအဝင်အကြောင်းအမျိုးမျိုးဖြင့်ယာယီရွှေ့ပြောင်းနေထိုင်သူများသည် ၎င်းတို့နေထိုင် လုပ်ကိုင် နိုင်မှု အဆင်ပြေမည့်ဒေသများသို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ ရွှေ့ပြောင်းနေထိုင်ရာတွင် ဝါးခယ်မမြို့နယ်အတွင်းသို့လည်း ယာယီရွှေ့ပြောင်းနေထိုင် သူများရှိရာ ၎င်းတို့အား  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ်နှစ်သောင်း နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ ယခုလည်း ဧရာဝတီတိုင်းဒေသကြီးမှ   ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာအတွက် ထပ်မံထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူတွေများ ပျောက်ဆုံး/ ပျက်စီး သွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည် ထုတ်ပေး နိုင်ရေးအတွက် မြို့နယ်အချင်းချင်း အပြန်အလှန်ချိတ်ဆက်ပြီး ဥပဒေနှင့်အညီ စိစစ် ဆောင်ရွက် ထုတ်ပေးလျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးရာတွင် လူတစ်ဦးချင်း၏ ကိုယ်ရေးအချက် အလက်၊ အထောက်အထားများကို စိစစ်ဆောင်ရွက်ရသည့်အတွက် လုပ်ငန်းဆိုင်ရာအခက်အခဲများ ရှိမည်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့လုပ်ငန်းလိုအပ်ချက်၊ အခက်အခဲများ ရှိပါကလည်း သက်ဆိုင်ရာ လဝကရုံးများက ဖြေရှင်းဆောင်ရွက် ပေးနေသည့်အတွက် သက်ဆိုင် ရာလဝကရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်လည်း အသိပေးပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း နယ်မြေဒေသအားလုံး တည်ငြိမ်အေးချမ်းရေးနှင့် ယာယီရွှေ့ပြောင်းနေထိုင်ကြသည့် ပြည်သူ များကို ၎င်းတို့ဒေသများ၌ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို စတင်ကျင်းပမည်ဖြစ်ပြီး ဝါးခယ်မမြို့နယ်အနေဖြင့် အပိုင်း(၂)တွင် ပါဝင်သည့်အတွက် လာမည့် ဇန်နဝါရီလ (၁၁)ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ ဝါးခယ်မ မြို့နယ်အတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ယာယီရွှေ့ပြောင်းရောက်ရှိ နေထိုင်သူများအနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ဆန္ဒမဲပေးနိုင်ရန် မဲစာရင်းတွင်ပါဝင် စေရေး ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ မဲပေးရာမှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်မဲပေးရမည် ဖြစ်သည့်အတွက် နိုင်ငံသားကတ်ပြား ပျက်စီး/ပျောက်ဆုံးပါက မြို့နယ်လဝကရုံးသို့  ချက်ချင်းဆက်သွယ်ဆောင်ရွက်သွားရန် လိုပါကြောင်း၊ နိုင်ငံတော်အစိုးရကလည်း ယာယီရွှေ့ပြောင်း နေထိုင်ကြသူများအတွက် လစဉ်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်နေသကဲ့သို့ သက်ဆိုင်ရာ ဒေသအာဏာပိုင် များကလည်း လူမှုရေး၊ ကျန်းမာရေး နှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အဖက်ဖက်က ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါကြောင်း၊ ယာယီရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် မကြာမီကာလတွင် ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည် အခြေချနေထိုင် နိုင်တော့မည် ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည့်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ယာယီရွှေ့ပြောင်းနေထိုင်သူ များအတွက် ဇူလိုင်၊ ဩဂုတ်၊စက်တင်ဘာ (၃)လစာ ထောက်ပံ့ငွေများကို ယာယီရွှေ့ပြောင်း နေထိုင်သူများကိုယ်စား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကိုယ်စားလှယ် များထံ အသီးသီး ထောက်ပံ့ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးသည် ယာယီရွှေ့ပြောင်း နေထိုင်သူများအတွက် အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို အိမ်ထောင်စုအလိုက် အသီးသီး ထောက်ပံ့ပေးအပ်၍ ယာယီရွှေ့ပြောင်းနေထိုင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

ယခုအခမ်းအနားတွင် ဝါးခယ်မမြို့နယ်အတွင်းသို့ တိုင်းဒေသကြီး/ပြည်နယ်တစ်ချို့မှ ယာယီရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း (၁၈၆)ဦး၊ အိမ်ထောင်စုအနေဖြင့် (၆၂) စုရှိပြီး၊၎င်းတို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ ပေးအပ်လျက်ရှိရာ ယခုအခမ်းအနားတွင် ဇူလိုင်၊ ဩဂုတ်၊စက်တင်ဘာ (၃)လစာအတွက် စုစုပေါင်းငွေကျပ် (၁၀,၈၆၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထိုမှတဆင့်   ပြည်ထောင်စုဝန်ကြီးသည်   မြောင်းမြမြို့သို့သွားရောက်၍  ဒီဇင်ဘာလ (၂၈) ရက် မနက်ဖြန်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)၌ ပါဝင်သည့် မြောင်းမြမြို့နယ်၏အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မဲရုံသို့လည်းကောင်း၊ အမှတ်(၈)ရပ်ကွက်ရှိ နောင်ရိုးခန်းမမဲရုံသို့လည်းကောင်း၊ အမှတ်(၅) ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း မဲရုံသို့လည်းကောင်း လှည့်လည် သွားရောက်၍ မဲရုံများ၌တာဝန်ထမ်းဆောင်နေသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအား မဲရုံများဖွင့်လှစ်ထားရှိမှု၊ မဲပေးစက်များ ရောက်ရှိတပ်ဆင်ထားရှိမှုနှင့် မဲရုံနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း ဆွေးနွေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း  သတင်းရရှိသည်။