ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ် အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲသို့ သွားရောက်လေ့လာ ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ် အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲသို့ သွားရောက်လေ့လာ ကြည့်ရှုအားပေး။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁ ရက်၊ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်း ရှိ ပြည်သူ့ရင်ပြင်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာအာကာသအေဂျင်စီ၊ အာကာသ ပြတိုက်(ရန်ကုန်)တို့က ကြီးမှူး၍ ပထမဆုံးအကြိမ်အဖြစ် ကျင်းပလျက်ရှိသည့် မြန်မာနိုင်ငံ၌ အကြီးကျယ်အခမ်းနားဆုံး အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲသို့ သွားရောက်လေ့လာကြည့်ရှုအားပေးသည်။

ယင်းသို့ သွားရောက်ကြည့်ရှုရာတွင် ပြည်ထောင်စုဝန်ကြီးအား မြန်မာအာကာသအေဂျင်စီ နှင့် အာကာသပြတိုက်(ရန်ကုန်)တို့မှ တာဝန်ရှိသူများက လက်ရှိ အခြေခံပညာအလယ်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို လိုက်လံရှင်းလင်း ပြသကြပြီး ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား နှုတ်ဆက်အားပေးကာ အဆာပြေအဖြစ် အအေးနှင့်မုန့်များ၊ ချီးမြှင့်ငွေများကို တစ်ဦးချင်း လိုက်လံဝေငှ ပေးအပ် ပြီးနောက် ပြိုင်ပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုပ်များ၏ သရုပ်ပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးပြီးနောက် စကြဝဠာ တည်ရှိမှုသမိုင်းကြောင်းနှင့် အာကာသအတွင်းရှိ ကမ္ဘာမြေနှင့် ဂြိုဟ်ကြီးများအကြောင်း၊ အာကာသနည်းပညာဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အများပြည်သူ သိရှိနားလည် ဗဟုသုတရရှိစေရေးအတွက် ခင်းကျင်းပြသထားသည့် အာကာသ ဆိုင်ရာ ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လိုက်လံရှင်းလင်းပြသကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူတို့က အာကာသဆိုင်ရာ ပြခန်း တာဝန်ခံများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ကြပြီး ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။